သားရေ—ငါ့သား

သားရေ—ငါ့သား

သားရေ—

မနက် အိပ်ရာထ နောက်ကျလည်း ဆူ

အိမ်အပြန် နောက်ကျလည်း ဆူ

ရည်းစားထားလည်း ဆူ

ဂိမ်းဆော့လည်း ဆူ

တကယ်ပါ ငါ့သား

ဒီအမေဟာ ဆူဖို့ သက်သက် လှလာတဲ့ အမျိုးသမီး။

ဆိုင်ကယ်သပိတ်အတွက် ဆိုင်ကယ်တစ်စင်း လှူ

သရုပ်ဖော်သပိတ်အတွက် ထဘီတစ်ထည် လှူ

ဂီတသပိတ်အတွက် ဂစ်တာတစ်လက် လှူ

ထိုင်သပိတ်အတွက် ဖျာတစ်ချပ် လှူ

သံပုံးသပိတ်အတွက် သံတစ်ပုံး လှူ

လက်ဖျံထက် ” Bသွေး” လှလှထိုးပေးရင်း သားကို လှူ

တကယ်ပါ ငါ့သား

ဒီအမေဟာ လှူဖို့ သက်သက် လှလာတဲ့ အမျိုးသမီး။

သပိတ်စစ်ကြောင်း ပိတ်ဖမ်းလည်း ပူ

ညနက်နက် လိုက်ဆွဲလည်း ပူ

လူစိမ်းစိမ်း မြင်လည်း ပူ

ခွေးဟောင်လည်း ပူ

တကယ်ပါ ငါ့သား

ဒီအမေဟာ ပူဖို့ သက်သက် လှလာတဲ့ အမျိုးသမီး။

လက်နက်ကြီးသံကြားရင် “အမယ်‌လေး ငါ့သား”

ထိခိုက်သံကြားရင် “အမယ်လေး ငါ့သား”

လွမ်းသံကြားရင် “အမယ်လေး ငါ့သား”

ကျည်သံကြားရင် “အမယ်လေး ငါ့သား”

ကျသံကြားရင် “အမယ်‌လေး ငါ့သား”

ငိုသံကြားရင် “အမယ်လေး ငါ့သား”

တကယ်ပါ ငါ့သား

ဒီအမေဟာ တဖို့ သက်သက် လှလာတဲ့ အမျိုးသမီး။

၂၀၂၁ ကုန်

၂၀၂၂ ကုန်

၂၀၂၃ ကုန်

လမ်းထိပ်ကလည်း စောင့်

အိမ်ရှေ့ကလည်း စောင့်

နောက်ဖေးကလည်း စောင့်

လမ်းတွေ့တိုင်း စောင့်

တကယ်ပါ ငါသား

ဒီအမေဟာ

နွေမျှော်မကြီး ဆောင်းမျှော်မကြီး မိုးမျှော်မကြီး။

သားရေ—– ငါ့သား

အမေဆူဖို့ နွေကို ကျော်ပါ

အမေဆူဖို့ မိုးကို ဖြတ်ပါ

အမေဆူဖို့ ဆောင်းကို နင်းပါ။

သားရေ—– ငါ့သား

ညတွေ မှောင်လည်း အမေရှိတယ်

ရောင်နီသာလည်း အမေရှိတယ်

လမ်းထိပ်မှာလည်း အမေရှိတယ်

ဝေးခြင်းမှာလည်း အမေရှိတယ်။

သားရေ—–ငါ့သား

အမေ မသေအောင်နေပြမယ်

ငါ့သား ရှင်လျက်ပြန်လာပေး

သပြေခက်လေး အမေချိုး သားဆိုးလေးကို ရိုက်ကြိုမယ်။ ။

ဘရိုင်ယံရိန်း

The Tanintharyi Times