ထိုင်းရောက် မြန်မာအလုပ်သမားတွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ စစ်အုပ်စုကြိုးပမ်းလာ

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ စစ်အုပ်စုကြိုးပမ်းလာ

Photo - ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က မြန်မာသံရုံးရှေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကို ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ

ဒီမိုကရေစီ အင်အားစုတွေ မပါဝင်ဘဲ စစ်အုပ်စု တစ်ဖက်သတ်ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ ထိုင်းရောက် မြန်မာအလုပ်သမားတွေ မဲပေးဖို့ စစ်အုပ်စု ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။

ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရှိ အလုပ်အကိုင်အမျိုးအစားစုံလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆန္ဒမဲပေးဖို့ ထိုင်းအာဏာပိုင်တွေ နဲ့ ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စု အာဘော် နေ့စဉ်ထုတ်သတင်းစာတွေ တဆင့်ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ၂၈ ရက်ကစပြီး အပိုင်းလိုက်လုပ်ဆောင်မယ်အထွေထွေရွေးကောက်ပွဲကို ထိုင်းရောက်မြန်မာ လုပ်သား တွေ မဲပေးဖို့ရာ စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းက တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ပြည်ဝင်ခွင့်ဗီဇာနဲ့ နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ ကိုပါဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရ ဆီကနေ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်းက ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါးသလို ပြည်ရောက် မြန်မာအလုပ်သမားတွေ မဲပေးဖို့မရှိသလို ကန့်ကွက်သူအများအပြားရှိတယ်လို့ ထိုင်းရောက်မြန်မာ အလုပ်သမားတချို့ ကပြောပါတယ်။

” ဒီရွေးကောက်ပွဲကြီးက တကယ် တရားသောနည်းနဲ့ ယှဉ်ပြိုင်မဲ့ ရွေးကောက်ပွဲလည်း မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံးလုံးစိတ်ပါပြီး မဲလာပေးတဲ့ လူဦးရေက မရှိလောက်ဘူး။ ဒါပေမယ့် သူတို့က နည်းမျိုးစုံ ထိန်းချုပ်အကြပ်ကိုင်လာတော့ ကျွန်တော်တို့ကအသုံးချခံလူတန်းစား အရင်းအမြစ်တစ်ခုလိုဖြစ်လာပြီ။ တကယ့် အမှန်တရားနဲ့ရရှိတဲ့ နည်းတော့ဖြစ်လာမဟုတ်ဘူး” လို့ ထိုင်း‌နိုင်ငံရောက်ရှိနေတဲ့ရွေ့ပြောင်းပြည်သူတစ်ဦးက Connect Burma ကိုပြောပါတယ်။

ဒါပေမဲ့ စစ်အုပ်စု ကတော့ အာဏာဆက်လက်တည်မြဲနိုင်ဖို့ ရွေးကောက်ပွဲမှာ ပြည်သူတွေဆန္ဒမဲလာပေးရေး နည်းလမ်းပေါင်းစုံသုံးပြီး ဖိအားပေးလာတာပါလို့သူက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်ရှိပြီး ထက်ဝက်ကျော်ဖြစ်တဲ့ ၂ ဒသမ ၃ သန်းကျော်မှာ ရွှေ့ ပြောင်းလုပ်သားအဖြစ် တရားဝင်မှတ်ပုံတင်ထားတယ်လို့ IOM က စာရင်းတွေအရ သိရပါတယ်။

စစ်အုပ်စု က ရွေးကောက်ပွဲတွေကို အပိုင်း လိုက်ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ မြို့နယ်ပေါင်း (၁၀၂) မြို့နယ်ကမဲဆန္ဒနယ်တွေမှာ စတင်ကျင်းပကျင်းပမယ်လို့ထုတ်ပြန်ထားတာပါ။

Connect Burma

The Tanintharyi Times