ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်၀တ်ဆင်ခဲ့တဲ့ အဆိုတော် ရီဟားနား မြန်မာ့ကျောက်မျက် ဒဏ်ခတ်ပိတ်ဆို့မှုကို အားပေးထောက်ခံဖို့ JFM တိုက်တွန်း

ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်၀တ်ဆင်ခဲ့တဲ့ အဆိုတော် ရီဟားနား မြန်မာ့ကျောက်မျက် ဒဏ်ခတ်ပိတ်ဆို့မှုကို အားပေးထောက်ခံဖို့ JFM တိုက်တွန်း

Super Bowl ရှိုးပွဲမှာ ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်ကို ၀တ်ဆင်ခဲ့တဲ့ အဆိုတော် ရီဟားနားအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး မြန်မာ့ကျောက်မျက် ဒဏ်ခတ်ပိတ်ဆို့မှုကို အားပေးထောက်ခံသင့်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar (JFM) ကတိုက်တွန်းလိုက်ပါတယ်။

အဆိုတော် ရီဟားနားဟာ အမေရိကန် ရပ်ဂ်ဘီ ပြိုင်ပွဲ Super Bowl 2023 နောက်ဆုံး ဗိုလ်လုပွဲ ပထမပိုင်း အပြီး ဖျော်ပြေပွဲ မှာ ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်ကို ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။

သူမ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေထဲမှာ အမေရိကန် ကုမ္ပဏီ Bayco Jewels ကဖန်တီးပြုလုပ်ထားတဲ့ မြန်မာပြည်သူတွေရဲ့သွေးတွေ စွန်းထင်းနေတဲ့ ကျောက်မျက်နယ်မြေကလာတဲ့ မြန်မာ့ပတ္တမြားလက်စွပ် တစ်ကွင်း ပါဝင်နေပါတယ်။

ပတ္တမြားတူးဖော် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီအတွက် ဘဏ္ဍာငွေကူပေးနေတာဖြစ်ပြီး ရီဟားနားလို မြန်မာပြည်တွင်းက အနုပညာရှင်တွေကိုတော့ စစ်အုပ်စုက သက်ညှာတာ မရှိပါဘူးလို့ Justice For Myanmar ကထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နိုင်ငံရေးသမားဟောင်း ဟစ်ဟော့အဆိုတော် ဖြိုးဇေယျာသော်ကို အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦနဲ့အတူ စစ်ကောင်စီက အကျဥ်းရုံးစီရင် သေဒဏ်ချ ကွပ်မျက်ခဲ့ပြီး၊ ဒီကွပ်မျက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်ပါတယ်။

အောက်တိုဘာလ အတွင်းကလည်း စစ်အုပ်စုက ကချင်ပြည်နယ်အတွင်း တေးဂီတဖျော်ဖြေပွဲတစ်ခုကို စစ်ရေး အရပ်သား ပစ်မှတ် မခွဲခြားပဲ လေကြောင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ခဲ့တာကြောင့် အနုပညာရှင်တွေနဲ့ အားပေးတဲ့ ပရိသတ်တွေအပါအဝင် အနည်းဆုံး လူပေါင်း ၈၀ လောက် သေဆုံးခဲ့ရပါတယ်။ အခြားအနုပညာရှင် တွေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်အုပ်စုက ဥပဒေမဲ့ဖမ်းဆီးတာတွေ၊ ညှဉ်းပမ်းနှိပ်စက် တာတွေ၊ သတ်ဖြတ်တာတွေ ကျူးလွန်ထားတယ်လို့ Justice For Myanmar ကဆိုပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းကြိုးပမ်းမှုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သွေးထွက်သံယိုမှုတွေ၊ စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကျောက်မျက်ကဏ္ဍကရတဲ့ ဝင်ငွေရဲ့ အရေးပါမှုတွေဟာ ထင်ရှားနေပေမယ့် အမေရိကန် ကျောက်မျက်အရောင်းဆိုင်တွေကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ပတ္တမြား၊ ကျောက်စိမ်း အပြင် အခြားကျောက်မျက်ပစ္စည်းတွေနဲ့ လုပ်တဲ့ လက်ဝတ်ရတနာတွေကို ဆက်လက်ရောင်းချနေကြဆဲ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရ အဆိုတော်ရီဟားနားရဲ့ လက်စွပ်က အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုး ရှိပြီး၊ “အပူမပေးမီ ၁၉.၄၇ ကာရက်ရှိ ရှားပါးတွင်းထွက် သကြားလုံးပုံဖြတ် မြန်မာ့ပတ္တမြားနဲ့ ပလက်တီနမ်မှာတွဲစပ်ထားတဲ့ ၅.၆၆ ကာရက်ရှိ တြိဂံပုံနဲ့ အရောင်မဲ့အနားလုံးစိန်တွေ၊ ၁၈ ကာရက် ရွှေဝါတွေနဲ့” ပြုလုပ်ထားတယ်လို့ သိရပါတယ်။

နယူးယောက်မြို့တော်အခြေစိုက် Bayco Jewels LLC က တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ထုတ်လုပ်ပါတယ်။ အဲ့ဒီကုမ္ပဏီကို Moris နဲ့ Giacomo Hadjibay ညီအစ်ကိုတို့က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝဘ်ဆိုဒ်မှာ လက်ရှိကြော်ငြာထားတဲ့ အနည်းဆုံးပစ္စည်း ၉ မျိုးမှာ မြန်မာနိုင်ငံက ရတဲ့ ပတ္တမြားနဲ့ နီလာတွေ ပါပါတယ်။ ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်မှာ လူ့အခွင့်အရေးမူဝါဒ ဒါမှမဟုတ် ကျောက်မျက်ရင်းမြစ်နဲ့ ဆိုင်တဲ့ တာဝန်ယူမှုရှိတဲ့မူဝါဒတွေ ပါဝင်တာမျိုးမရှိပါဘူး။ သို့ပေမယ့်လည်း ပတ္တမြားတူးဖော်ထုတ်လုပ် ရေးမှာ နာမည်ကျော်တဲ့ မိုးကုတ်မြို့က ထွက်ရှိတဲ့ အရည်အသွေးအမြင့်ဆုံး ကျောက်မျက်တွေ အပါအဝင် နီလာတူးဖော်မှုကို အရေအတွက်နည်းနည်း ဆက်လက်လုပ်ဆောင်နေကြောင်း Bayco ကုမ္ပဏီက ဖော်ပြထားပါတယ်။

ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ ဆက်ပြီးရောင်းဝယ်နေကြတာက စစ်အုပ်စုရဲ့ လက်ရှိကျူးလွန် နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေနေတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျောက်မျက်တင်သွင်း မှုကို ပိတ်ပင်တာမျိုးမရှိခဲ့ဘဲ ရောင်းဝယ်မှုတွေ ဆက်လုပ်ခွင့်ပြုပေးထားပါတယ်။

ရီဟားနားအနေနဲ့ မြန်မာ့ကျောက်မျက်တွေကို သပိတ်မှောက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ နဲ့ အမေရိကန်အစိုးရက ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ဖို့လည်း Justice For Myanmar က တောင်းဆိုပါတယ်။

The Tanintharyi Times