ထောင်ကလွတ်ပြီးမှ ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်စောဖိုးခွါး

ထောင်ကလွတ်ပြီးမှ ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်စောဖိုးခွါး

အဆိုတော်စောဖိုးခွားကို ဒီကနေ့မနက်ပိုင်းက လွှတ်ပေးပြီးနောက် ပြန်လည်ဖမ်းဆီးလိုက်တာ ဟုတ်မှန်ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံက ဘီဘီစီမီဒီယာကို အတည်ပြု​ပြောဆိုထားပါတယ်။

အဆိုတော်စောဖိုးခွားဟာ စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းကဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သူ့ကို စစ်ကောင်စီက သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စုစုပေါင်း ထောင် ၂ နှစ် ချမှတ်ခဲ့ရတာကြောင့် အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတာပါ။

ဒီကနေ့မှာ အမိန့်ချခံထားရတဲထောင်ဒဏ်နဲ့ လွတ်ရက်စေ့ပြီးပြန်လည်လွတ်မြောက်လာချိန်မှာတော့ ထပ်မံတရားစွဲဆိုထားတဲ့အမှုရှိသေးတယ်လို့ ဆိုကာ ပြန်လည် ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဘယ်ပုဒ်မတွေနဲ့ပြန်လည် တရားစွဲဆိုထားတယ်ဆိုတာနဲ့ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပုဒ်မ ၅၀၅ (ခ) နဲ့ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံထားရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးလည်း ဒီကနေ့မနက်ပိုင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

စစ်ကောင်စီဟာ လွတ်ရက်စေ့လို့လွတ်မြောက်လာတဲ့သူတွေအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို အကျဥ်းထောင်ကလွှတ်ပေးပြီးနောက် အကြောင်းအမျိုးမျိုးပြပြီး ပြန်လည်ဖမ်းဆီးတာကို တနိုင်ငံလုံးမှာ မကြာခဏပြုလုပ်နေပါတယ်။

The Tanintharyi Times