တွေ့ရှိပါက အကြောင်းကြားပေးပါ
တွေ့ရှိပါက အကြောင်းကြားပေးပါ
ဥဩအော်သံနဲ့အတူ နွေရဲ့ အငွေ့အသက်တွေနဲ့ နှစ်သစ်အချိန်နီးလာပြန်ပါပြီ။ နှစ်နှစ်ပြည့် အာဏာသိမ်းကာလနဲ့အတူ လာမယ့်နှစ်မှာ ကလေးငယ်တွေရဲ့ အခြေခံပညာရေးအတွက် အစိုးရကျောင်း ထားလိုက်ရတော့မလား၊ အပြင်ကျူရှင်လေးနဲ့ ပညာရေးခရီးဆက်မလား ဆိုတဲ့ အတွေးတွေဟာ အွန်လိုင်းပညာရေးနဲ့အလှမ်းဝေးပြီး ပုဂ္ဂလိကပညာရေးကိုမတတ်နိုင်တဲ့ အခြေခံလူတန်းစားမိဘတွေကြား နွေအပူနဲ့အတူ ပူပူနွေးနွေးပြန်ဖြစ်နေကြပါပြီ။
၂၀၂၀ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ခန်းရပ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့စာသင်ခန်းပညာရေးဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ၂၀၂၁ မှာလည်း ကျောင်းသားအများစုအတွက် နောက်တစ်ခန်း ဆက်ရပ်ခဲ့ရပြန်ပါတယ်။ မတရားအာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့ အခြေခံပညာကျောင်းသားထုကြီးရဲ့ ‘အာဏာဖီဆန်စီဒီအမ်’ ‘ကျောင်းမတက်နဲ့ကျောင်းပျက်’ လှုပ်ရှားမှုဟာ အင်အားကောင်းကောင်းနဲ့ရပ်တည်ခဲ့ပြီး ၂၀၂၂ အထိလည်း ရပ်တည်နေဆဲလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း တဖက်မှာ နှစ်နှစ်ကြာ စစ်ကောင်စီမှဖွင့်လှစ်တဲ့ကျောင်းတွေကိုသပိတ်မှောက်၊ အွန်လိုင်းပညာရေးကိုမတတ်နိုင်၊ ပုဂ္ဂလိကကျောင်းတွေကိုမပို့နိုင်ပေမယ့် အပြင်ကျူရှင်တွေနဲ့တောင့်ခံထားတဲ့ အခြေခံလူတန်းစား မိသားစုတွေက ကလေးငယ်တွေရဲ့ အခြေခံပညာရေးအတွက် စိုးရိမ်ပူပန်မှုတွေ ဖိအားတွေနဲ့အတူ ‘ကျောင်းမတက်နဲ့ ကျောင်းပျက်’ သပိတ်ဟာ ရေရှည်ကာလပညာသင်ကြားခွင့်အတွက် စဉ်းစားစရာဖြစ်လာပါတယ်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ ကျောင်းသူကျောင်းသား ၅.၃ သန်း ကျောင်းအပ်နှံခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ ၅.၆ သန်း အပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီလက်ထက် ကျောင်းအပ်နှုန်းဟာ အရပ်သားအစိုးရလက်ထက်တုန်းကထက် ၄၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သတင်းဌာနတချို့ကဖော်ပြကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွင့်လှစ်တဲ့ နေအိမ်အခြေပြုအွန်လိုင်းစာသင်ကျောင်းတွေနဲ့ မြေပြင်သင်ကျောင်းတချို့မှာ ကျောင်းအပ်နှံသူ ၉ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ Burma Associated Press (BAP) နဲ့ ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ စစ်တပ်အာဏာသိမ်း နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ ကျောင်းပြင်ပရောက်ကလေး ၇.၈ သန်း ရှိနေပါတယ်။
ကလေးသူငယ်အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၈ အရ ကလေးသူငယ်တိုင်းမှာ ပညာသင်ယူခွင့်ရှိပါတယ်။ ထို့အတူ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်းနှင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများကို ပစ်မှတ်ထားခြင်းဟာ လူထုတစ်ရပ်လုံးရဲ့ ပညာသင်ကြားခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။
စစ်ကောင်စီကတော့ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေရုံသာမက. ရှေ့ဆက်လည်း ဆက်လက်ဖောက်ဖျက်ကျူးလွန်နေဦးမှာ အသေအချာပါပဲ့။ ဒါပေမယ့် စစ်ကောင်စီကကျူးလွန်သလို တော်လှန်ရေးထဲကပြည်သူတွေ၊ တော်လှန်ရေးတပ်သားတွေ မကျူးလွန်ဖို့က အဓိကကျပါတယ်။
စစ်ရေးတင်းမာမှုမရှိတဲ့ မြို့ပြနဲ့ ကျေးလက်တွေက ရွေးချယ်စရာအများကြီးမရှိ၊ အကျပ်အတည်းအခက်အခဲကြား ပညာသင်ယူသင်ခွင့်အတွက် အခြေခံပညာကျောင်းတွေမှာ သွားရောက်ပညာသင်ကြသူတွေကို အပြစ်ရှိသူတွေအဖြစ် လူ့အဖွဲ့အစည်းကြားသတ်မှတ်ပြီး ပညာသင်ကြားခွင့်ကို ပိတ်ပင်ကြတာကိုတော့ တော်လှန်ရေးထဲပါဝင်နေကြသူတွေအနေနဲ့ ပြန်လည်စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။
စာသင်ခန်းထဲက ပညာရေးမဟုတ်ဘဲ အော်တာနေးတစ်ပညာရေးအနေနဲ့ အွန်လိုင်းတစ်ခုတည်းအားသာနေခြင်းဟာ တော်လှန်ရေးကာလပညာသင်ယူခွင့်အတွက် ဖြေရှင်းချက်ဖြစ်မနေပါဘူး။ အွန်လိုင်းပညာရေးကျောင်းများရဲ့ သင်ရိုးဘယ်လောက်ကောင်းကောင်း တစ်နိုင်ငံလုံးက ကလေးတွေကို မျှတတဲ့ ပညာသင်ယူခွင့်မရရှိစေဘဲ အခြေခံပညာရရှိမှုကွာဟချက်ဟာ ဆက်ရှိနေမှာဖြစ်ပါတယ်။
NUG အစိုးရအနေနဲ့ အွန်လိုင်းကျောင်းများအပြင် CDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ကျယ်ပြန့်ခိုင်မာတဲ့ အော်တာနေးတစ်ပညာရေးစနစ်တွေကို တည်ဆောက်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ရွေးချယ်စရာအများကြီးမရှိလို့ မတတ်သာစွာ စစ်ကောင်စီလက်အောက်က အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေအတွက် အပြစ်တင်မှုတွေအစား ရွေးချယ်စရာဖန်တီးပေးဖို့လိုအပ်ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာပညာရေးနေ့(International Day of Education) အတွက် UNESCO ကချမှတ်ထားတဲ့ ယခုနှစ်ရဲ့ဆောင်ပုဒ်က ‘To invest in people, prioritize education’ ‘ပညာရေးကို ဦးစားပေးခြင်းဖြင့် လူသားများအတွက်ရင်းနှီးမြှုပ်နှံပါ’ ဖြစ်ပါတယ်။
ပညာရေးနဲ့ တော်လှန်ရေးကို အတူတကွမြင်ကြသည်ဖြစ်စေ၊ တသီးခြားစီခွဲမြင်ကြသည်ဖြစ်စေ ပညာသင်ယူခွင့်ဟာ ကလေးငယ်တိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ တော်လှန်ရေးခရီး ရေရှည်မှာ အခြေခံပညာရေးကို မြို့ပြရော ကျေးလက်ဆီက ကလေးတိုင်းလက်လှမ်းမီနိုင်ဖို့ လက်တွေ့ကျတဲ့ အတွေးအခေါ်နဲ့ ဖြေရှင်းနည်းတွေ သက်ဆိုင်ရာလူတိုင်းရဲ့ ပူးပေါင်းအားထုတ်မှုနဲ့လိုအပ်နေပါတယ်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မကြာခင်ရောက်ရှိပါတော့မယ်။ ပညာရေးနယ်ပယ်ထဲက မညီမျှခြင်းတွေကြား အခြေခံပညာရေးကို အရေးတကြီးဖြေရှင်းဖို့ လိုနေပါသဖြင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများတွေ့ရှိပါက အကြောင်းကြားပေးကြဖို့မေတ္တာရပ်ခံပါတယ်။
နေရီ
The Tanintharyi Times
