နေဝင်ရာအရပ်က…အိမ်
နေဝင်ရာအရပ်က…အိမ်
နေဝင်ချိန်ဆို
အိမ်ကိုပိုသတိရတယ်။
အဲဒီအရပ်မှာ အိမ်ရှိတယ်။
ကြားထဲမှာ တောတွေတောင်တွေအထပ်ထပ်
ရွာပေါင်းများစွာ
ရေချိုချောင်းပေါင်းများစွာ
သေနတ်သံ၊ မိုင်းကွဲသံ၊ လက်နက်ကြီးအသံပေါင်းများစွာ
တိုက်ပွဲပေါင်းများစွာ
အဲဒါတွေရဲ့ အလွန်မှာ
ပြန်မရောက်ဖြစ်တာကြာတဲ့ အိမ်ရှိတယ်။
ဒီနေဟာ တောင်တွေနောက်မှာပဲ
ပျောက်ပျောက်သွားတတ်တာ နှစ်နှစ်ကျော်ပြီ။
ကျွန်တော်တို့ဇာတိမြို့မှာ
နေလုံးကြီးဟာ ပင်လယ်ရေအောက်ကိုပဲ ငုပ်လျှိုးတတ်တာပါ။
အခွင့်ရရင်တော့
နေလုံးကြီး ရေနစ်သွားတဲ့မြင်ကွင်း
စိမ်ပြေနပြေထိုင်ကြည့်ချင်သေးတယ်။
အိမ်မှာကျန်ခဲ့တဲ့အမေကတော့
အခုတခါလောက် တခါမှအိမ်နဲ့ကြာကြာမခွဲဖူးသေးတဲ့
သူ့ရဲ့သားထွေးပြန်အလာကို မျှော်နေလောက်ရောပေါ့။
နေဝင်တဲ့အရပ်မှာ
အိမ်ရှိတယ်
ပြီးတော့ အမေလည်းရှိသေးတယ်။
ယ က္ခ
The Tanintharyi Times
