ဘုတ်ပြင်းက စစ်ရှောင်အချို့ ထိုင်းကနေ မြန်မာနိုင်ငံထဲ ပြန်ရောက်လာပေမဲ့ နေအိမ်မပြန်နိုင်သေး
ဘုတ်ပြင်းက စစ်ရှောင်အချို့ ထိုင်းကနေ မြန်မာနိုင်ငံထဲ ပြန်ရောက်လာပေမဲ့ နေအိမ်မပြန်နိုင်သေး
စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် နေရပ်ကို စွန့်ခွာကာ ထိုင်းနိုင်ငံဘက်ကို အခုလ ၄ ရက်နေ့ကထွက်ပြေးခဲ့ရတဲ့ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံရွာက ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၆ ရက်လောက်ကတည်းက မြန်မာနိုင်ငံထဲ ပြန်လည်ရောက်ရှိနေပေမဲ့ နေအိမ် မပြန်နိုင်ကြသေးဘူးလို့ မြို့ခံတွေဆီကနေသိရပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေထဲမှာ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းကြွေ၊ အသက် ၅၅ နှစ်အရွယ် မမီးငယ်နဲ့ အသက် ကြီးပိုင်း အမျိုးသား ၁ ဦးမှာ စစ်ရှောင်နေစဉ် လေဖြတ်ခဲ့တဲ့အတွက် ဒီကနေ့အထိ စစ်ရှောင်စခန်းမှာ ဝေဒနာတွေနဲ့ နေနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ ပြည်သူ့စစ်နဲ့ ရင်းနှီးတဲ့ ဒေသခံတချို့တော့ မေးစမ်းပြီး နေနေကြပြီ။ ထိုင်းစစ်တပ်ဘက်က မြန်မာစစ်တပ်ဘက်ကို ညှိနှိုင်းပေးလိုက်တယ်လို့တော့ ကြားရတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ အခြေနေအေးရင်တော့ နောက် ၁၀ ရက်အတွင်း ဒေသခံတွေ အိမ်မှာပြန်သွားနေကြမဲ့ပုံတော့ရှိတယ် ” လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံ ၃၅၀ ကျော်မှာ ၃ ပုံ ၁ ပုံကတော့ ဒေသတွင်းမတည်ငြိမ်မှုကြောင့် မပြန်ရဲလို့ဆိုကာ ထိုင်းနိုင်ငံထဲက ခေါင်လွဲရွာနဲ့ အသိမိတ်ဆွေတွေဆီမှာပဲ နေကျန်ခဲ့တယ်လို့ သိရပါတယ်။
နောက် ၃ ပုံ ၂ ပုံမှာ မြန်မာနိုင်ငံထဲ ပြန်ဝင်လာပြီး ရပ်ရွာ မပြန်ရဲလို့ဆိုကာ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြိတ်မြို့၊ ဘုတ်ပြင်းမြို့ အစရှိတဲ့ နေရာတွေက ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
ရတနာပုံရွာဟာ ဥယာဉ်ခြံတွေကို အဓိကထားလုပ်ကိုင်စားသောက်နေတဲ့ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
The Tanintharyi Times
