တော်လှန်လောင်းလုံး ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ စူလတ်မြို့မှာ ကျင်းပ
တော်လှန်လောင်းလုံး ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ စူလတ်မြို့မှာ ကျင်းပ
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ကျင်းပနေတဲ့ တော်လှန်လောင်းလုံး ရံပုံငွေ ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ စူလတ်မြို့မှာ ဒီကနေ့စတင် ကျင်းပနေပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ တော်လှန်ရေး ရံပုံငွေ ရရှိဖို့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အကြား တော်လှန်စိတ်ဓာတ်တွေ ပိုမိုအားကောင်းလာပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တက်လာဖို့ဖြစ််တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဘောလုံးပြိုင်ပွဲမှာ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါဝင်တဲ့ ဘောလုံးအသင်းပေါင်း ၂၈ သင်း၊ လူဦးရေ ၄၂၀ ပါဝင်ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲအပေါ် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ” ပွဲအပေါ်မှာ တော်တော်လေး အားရပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်ပါဝင်ယှဥ်ပြိုင်တဲ့ပွဲမှာ အားပေးတဲ့သူတွေကလည်း ရာနဲ့ချီပြီးလာကြပါတယ်။ တော်လှန်ရေးအပေါ် ရွှေ့ပြောင်းအလုပ်သမားတွေက တာဝန်ကျေတာထက်ပိုကြပါတယ်” လို့ ပြောပါတယ်။
ဖွင့်ပွဲအခမ်းအနားကိုတော့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး လွတ်တော် ကိုယ်စားပြုကော်မတီနဲ့ တနင်္သာရီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်းဂုဏ်ပြု သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ဘောလုံးပြိုင်ပွဲက ရရှိတဲ့ရံပုံငွေတွေကို မြို့နယ်ရဲ့ တော်လှန်ရေး လုပ်ငန်းတွေ၊ အထူးသဖြင့် ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။



The Tanintharyi Times
