လောင်းလုံးမှာ ကျောက်နီမော်ရွာခံ သုံးဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး၊ အိမ်တဆောင်ကိုလည်း မီးရှို့

လောင်းလုံးမှာ ကျောက်နီမော်ရွာခံ သုံးဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး၊ အိမ်တဆောင်ကိုလည်း မီးရှို့

ပုံစာ - ကျောက်နီမော်ကျေးရွာ။

ငါးဖမ်းစက်လှေနှစ်စီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာအုပ်စုထဲက ရွာသားတချို့ကို ရိုက်နှက်ဖမ်းဆီးကာ နေအိမ်မီးရှို့တာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကညနေ ၄ နာရီလောက်မှ စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်ဝန်းကျင်ဟာ စက်လှေတွေနဲ့ ရွာထဲကို ရောက်လာခဲ့ကာ ရွာမှာအရင်ကတည်းက စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ပူးပေါင်းကာ နေအိမ်မီးရှို့တာကို စတင် လုပ်ဆောင်ခဲ့တယ်လို့ ရွာခံတွေကဆိုပါတယ်။

ကျောက်နီမော်ကျေးရွာအုပ်စုထဲက အင်းနီတွင်းရွာက နေအိမ်တစ်ဆောင်ကို မီးရှို့ခဲ့သလို ရွာထဲက လူမရှိတဲ့နေအိမ်တွေကိုလည်း တံခါးကန်ဖွင့်ကာ မွှေနှောက်ဖျက်ဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။

“မီးရှို့ခံရတဲ့အိမ်ကလည်း သူတို့တပ်စွဲထားတဲ့နေရာနားကပဲ။ မသင်္ကာဘူးဆိုပြီးလည်း အများကြီး ဝင်စစ်သေးတယ်” လို့ ကျောက်နီမော်ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရွာထဲကအမျိုးသားတချို့ကိုလည်းလက်ပြန်ကြိုးတုပ်ပြီး လမ်းမပေါ်မှာမှောက်ခိုင်းကာ ရိုက်နှက်တာ၊ စစ်ဖိနပ်နဲ့ကန်ကျောက်တာတွေ ပြုလုပ်ခဲ့လို့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ​ရွာခံက ပြောပြပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မနေ့ကညနေပိုင်းမှာ ဖမ်းခေါ်သွားတဲ့ ရွာခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ အခုထိမသိရသေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ကျောက်နီမော်ရွာကနေ ထားဝယ်မြို့ဘက်ကို မြစ်အတိုင်း စက်လှေနှစ်စီးနဲ့ ဒီနေ့မနက် ၈ နာရီလောက်မှာပြန်လည်ထွက်ခွာသွားတယ်လို့ မျက်မြင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကျောက်နီမော်ရွာခံ အမျိုးသားကတော့ “စခန်းတိုက်ခိုက်ထားရ​တော့ လျှောက်ရန်ရှာတာ။”လို့ သူ့အမြင်ကို ပြောပါတယ်။

ကျောက်နီမော်ရွာက စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က အခုလ ၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲဖြစ်ထားတာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလတစ်ဝက်အတွင်းမှာတနင်္သာရီတိုင်းက လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းနဲ့ ပုလောစတဲ့ မြို့နယ်လေးခုမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တနင်္သာရီတိုင်းတစ်ခုလုံးက နေအိမ်အဆောင် ၄၀ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

The Tanintharyi Times