ထားဝယ်မှာ ဝမ်းပျက်၊ ဝမ်းလျှောကြောင့် ဆေးရုံတင်ရတဲ့သူတွေများလာ

ထားဝယ်မှာ ဝမ်းပျက်၊ ဝမ်းလျှောကြောင့် ဆေးရုံတင်ရတဲ့သူတွေများလာ

ထားဝယ်မြို့ပေါ်မှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး ဆေးရုံတင်ရတဲ့သူတွေ များလာတယ်လို့ မြို့ခံဆရာဝန်တွေကပြောပါတယ်။

ဝမ်းပျက်၊ ဝမ်းလျှောကြောင့် ဆေးရုံရောက်လာတဲ့သူတွေ အရင်ကတည်းအနည်းအကျဥ်းရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လတတိယပတ်လောက်ကစလို့ အရေအတွက်များလာပြီး လက်ရှိမှာလည်း ဝမ်းပျက်၊ ဝမ်းလျှောလူနာတွေ နေ့စဥ်ရောက်လာနေတယ်လို့ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးကဆိုပါတယ်။

“တော်တော်အဖြစ်များလာကြတယ်။ မိသားစုလိုက်တွေအရေးပေါ်ရောက်လာကြတာလည်းရှိတယ်။ ဆေးရုံတင်ရတဲ့ထဲက တစ်ရက်ကို နှစ်ယောက်သုံးယောက်လောက်ကတော့ ဝမ်းပျက်၊ ဝမ်းလျှောလူနာတွေပါတယ်” လို့ ပုဂ္ဂလိကဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်ကပြောပါတယ်။

ထားဝယ်မှာဖြစ်နေတဲ့ ဝမ်းပျက်၊ ဝမ်းလျှောလူနာတိုင်းကတော့ လူတွေကြောက်ကြတဲ့ ဆန်ဆေးရေလို ဝမ်းအရောင် ကာလဝမ်းရောဂါကြောင့်မဟုတ်ဘဲ တခြားဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေလည်းပါတယ်လို့ သူကဆက်ပြောပါတယ်။

ဝမ်းသွားတာများလို့ ရေဓာတ်ဆုံးရှုံးပြီး သတိလစ်တာကြောင့် ဆေးရုံရောက်လာတဲ့လူနာကတော့ သူလုပ်ကိုင်တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုတည်းမှာ ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးပတ်အတွင်း သုံးဦးအထိရှိခဲ့ပါတယ်လို့ သိရပါတယ်။ အခုလထဲမှာတော့ ဝမ်းပျက်၊ ဝမ်းလျှော အရေးပေါ်လူနာတွေရှိပေမဲ့ အခြေအနေဆိုးရွားတာမျိုးတော့ မရှိတော့ဘူးလို့ မြို့ခံဆရာဝန်ကဆိုပါတယ်။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာတွေစားမိရာကနေဖြစ်တာဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေထက် အပြင်မှာလှုပ်ရှားသွာလာနေတဲ့ နှစ်ဆယ်ကျော်ကနေ လေးဆယ်ကျော်အရွယ်တွေမှာ အဓိကဖြစ်ပွားနေတာလို့ သူ့ရဲ့ပြောပြချက်အရ သိရပါတယ်။

“လူနာတွေကိုမေးလိုက်ရင်း အသုပ်စားပြီးဖြစ်တာတို့၊ မုန့်လက်သုပ်စားပြီးဖြစ်တာတို့ ကွေ့တီယို စားပြီးဖြစ်တာတို့ကများတယ်။ သေချာတာကတော့ မသန့်တာတစ်ခုခုပါးစပ်ထဲဝင်သွားလို့ဖြစ်တာပါ။ အဓိကကတော့ ဓာတ်ဆားရည်များများသောက်ပေးဖို့လိုတယ်။ ရေဓာတ်ဆုံးရှုံးတာများရင် အသက်ဆုံးရှုံးတာအထိဖြစ်နိုင်တယ်” လို့သူကဆက်ပြောပါတယ်။

ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးကတော့ တချို့ကဖျားရင်းနဲ့ဝမ်းလျှောကြပေမဲ့ တချို့ကလည်း ဝမ်းပျက်၊ ဝမ်းလျှောသီးသန့်ဖြစ်နေတာလို့ ဆိုပါတယ်။

“အိမ်မှာ ရှေ့တစ်ပတ်တုန်းက အဖေဖြစ်တယ်။ နေမကောင်းတာ ဖျားတာမဖြစ်ဘဲ ဝမ်းလျှောသီးသန့်ကို ဆိုးဆိုးရွားရွားဖြစ်တာ။ မြို့ပေါ်မှာလည်း ဟိုနားဒီနား ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နေတာကြားရတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးက ပြောပါတယ်။

ထားဝယ်ပြည်သူ့ဆေးရုံမှာကတော့ ပုဂ္ဂလိကဆေးရုံတွေထက်‌ ဆေးရုံတက်ကုသမှုခံနေရသူပိုများ တယ်လို့လည်း မြို့ခံဆရာဝန်ရဲ့ပြောပြချက်အရ သိရပါတယ်။

ဆေးရုံဆေးခန်းနဲ့မနီးတဲ့ ဒေသမှာနေထိုင်သူတွေနဲ့ စစ်ဘေးရှောင်နေရသူတွေအနေနဲ့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ရင် ဓာတ်ဆားရည်ကိုများများသောက်ပေးဖို့နဲ့ ဒီထက်အခြေအနေဆိုးရွားနေရင်တော့ ထိရောက်တဲ့ပိုသတ်ဆေးတွေရရှိအောင်ကြိုးစားပြီး သောက်သုံးသင့်တယ်လို့ မြို့ခံဆရာဝန်က အကြံပြုပါတယ်။

တနင်္သာရီတိုင်းကျန်းမာရေးဌာနကတော့ တိုင်းတွင်းမှာဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာလည်း ပြီးခဲ့ဇွန်လကစလို့ရောဂါဖြစ်ပွား သူများပြားနေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကစလို့ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူတာတွေရှိလာပြီး လက်ရှိအချိန်ထိ ရောဂါကြောင့်သေဆုံးသူကတော့ မရှိ‌သေးဘူးလို့ အခုလ ၆ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ကိုစင်ကြယ်စွာဆေးကြောကြဖို့၊ သန့်ရှင်းတဲ့ရေကိုသာသောက်သုံးကြဖို့၊ အစားအစာတွေကိုကျက်အောင်ချက်ပြီးမှစားသုံးကြဖို့၊ အစားအစာတွေယင်မနားအောင်ဂရုစိုက်ကြဖို့နဲ့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားတယ်လို့ သံသယရှိရင် ကျန်မာရေးဌာနနဲ့ ပြည်သူ့ဆေးရုံတွေမှာ သွားရောက်ပြသဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

The Tanintharyi Times