ဘာထရန်ရပ်ဆယ် (ကမ္ဘာသူ၊ ကမ္ဘာသား ပညာရေး)

ဘာထရန်ရပ်ဆယ် (ကမ္ဘာသူ၊ ကမ္ဘာသား ပညာရေး)

ပညာရေးအတွေး၊ ဒဿနအမြင် (၈)

အပိုင်း (၁)

လူ့သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်မည်ဆိုလျှင် လူသားတို့သည် ပဋိပက္ခ အမျိုးမျိုးအား ရင်ဆိုင်ဖြေရှင်းလာခဲ့သည်ကို တွေ့ရပါမည်။ လူသားနှင့်သဘာဝ တရား၏ ပဋိပက္ခ၊ လူသားအချင်းချင်းဖြစ်သော ပဋိပက္ခ၊ လူသားတစ်ဦးတည်း အနေဖြင့် အဇ္ဈတ္တအတွင်း စိတ်ချင်းဖြစ်သော ပဋိပက္ခတို့ပင် ဖြစ်ပါသည်။ လူသား တစ်ဦးချင်းစီ အနေဖြင့်သော်လည်းကောင်း၊ လူ့အဖွဲ့ အစည်း အနေ- ဖြင့်သော် လည်းကောင်း မိမိတို့၏ အသိပညာ၊ အတတ်ပညာများအလျောက် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဖြေရှင်းကျော်လွှားခဲ့သည်ကို တွေ့ရပါမည်။

သို့ရာတွင် လူ့သမိုင်းသည် ပြီးပြည့်စုံသော ငြိမ်းချမ်းသာယာမှု ပန်းတိုင်ဆီသို့ မရောက်ရှိသေးပေ။ သဘာဝတရားနှင့်လည်း ခိုက်ရန် ဖြစ်ပွားဆဲ၊ မျိုးနွယ်စုသတ်ဖြတ်ပွဲများ၊ လူမဆန်သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကမ္ဘာလောက၏ မသေချာမရေရာမှုများအပေါ် ပြင်းစွာသော စိတ်သောကရောက်မှုများမှာလည်း အဆုံးမသတ်သေးပေ။ ဤနေရာတွင် အသိပညာ၏အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။ အသိပညာသည် လူ့အဖွဲ့အစည်းအတွင်း လူမှုဒုက္ခအဝဝကို ဖြေရှင်းနိုင်ရန်အတွက် အဓိကကျသော ထွက် ပေါက်တစ်ခု ဖြစ်ပါသည်။ အသိပညာသည် သဘာဝအင်အားစုများ၏ လွှမ်းမိုး ချုပ်ကိုင်မှုမှ လွတ်မြောက်စေရုံမျှမက ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသဖြစ်ခြင်း၊ ဝမ်း နည်းပူဆွေးခြင်းစသည့် ပြင်းပြသော ဝေဒနာဆိုးများကိုလည်း ချေဖျက်နိုင်ပါ သည်။ ယင်းအသိပညာဖြင့်သာ ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကမ္ဘာကို တည် ဆောက်နိုင်မည် ဖြစ်လေသည်။

ဤသည်မှာ ဘာထရန်ရပ်ဆယ်၏ New Hopes for a Changing World မှ အတွေးအမြင်တချို့ ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကို ကျွန်ုပ်တို့ စာဖတ်ပရိသတ်နှင့် အထူးတလည် မိတ်ဆက်ပေးစရာ လိုအပ်မည်မထင်ပါ။ ရပ်ဆယ်သည် ဒဿနပညာရှင် စာရေးဆရာတစ်ယောက်ဖြစ်လေသည်။ လူမှု ရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား၊ နိုင်ငံရေး၊ အတွေးအခေါ်ပညာ စသည့် ဝိဇ္ဇာပညာရပ်များကိုသာမက သင်္ချာ၊ ရူပဗေဒစသည့် သိပ္ပံပညာရပ်များကို နှံ့စပ်ကကျွမ်းကျင်သော စွယ်စုံရ ပညာရှင်ကြီးဖြစ်လေသည်။ သူ၏မွေးရပ် အင်္ဂလန်ကျွန်းကလေးကို ကျော်လွန်၍ အမေရိက၊ အရှေ့ဥရောပနှင့် တရုတ်၊ အိန္ဒိယတို့တွင်ပါ သူ၏အမည်မှာ ထင်ရှားကျော်ကြားလေသည်။ ရပ်ဆယ်သည် ငြိမ်းချမ်းရေးမြတ်နိုးသော စစ်ဆန့်ကျင်ရေးသမား (Pa-cifist) တစ်ဦးလည်း ဖြစ်သည်။ တစ်ဖက်က စာပေရေးသားပြုစုနေရင်း အခြားတစ်ဖက်က စစ်ဆန့်ကျင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့လေသည်။ ဖက်ဆစ်နာဇီများနှင့် ဗီယက်နမ်ကျူးကျော် စစ်ဆန့်ကျင်ရေး၌ ပညာရှင်များ အသိုင်း အဝိုင်းတွင် ထင်ရှားလေသည်။

သူ၏ အဘိုး Loral Jon Russell မှာ ထင်ရှားသော လစ်ဘရယ် ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့သည်။ ကုန်သွယ်ရေးလွတ်လပ်မှု၊ ပညာရေး လွတ်လပ်မှု၊ ဂျူးအမျိုးသားလွတ်လပ်ရေးတို့အတွက် အရေးဆိုခဲ့သူ ဖြစ်သည်။ နယ်ပယ်အသီးသီးကိုလည်း အရင်းအမြစ်မှအစ ပြုပြင်ပြောင်းလဲလိုသူဖြစ် သည်။ ရပ်ဆယ်၏ဖခင် (Viscount Amberley)မှာ ဆင်ခြင်ခြင်းဝါဒိ (Rationalist)တစ်ယောက်ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကိုလည်း J.S Mill ၏ အတွေးအခေါ်များကို လေ့လာသင်ကြားရန် တိုက်တွန်းခဲ့လေသည်။ သည့်အတွက်ပင်လျှင် ရပ်ဆယ်၏အတွေးအခေါ်များတွင် လူသားဝါဒ၊ လွတ်လပ်မှု အယူအဆများ၏ လွှမ်းမိုးမှုများကို တွေ့ရှိနိုင်ပါသည်။

ရပ်ဆယ်၏ လူသားဝါဒတွင် လူ၏ဂုဏ်သိက္ခာ (Human Dignity)၊ သနားကြင်နာမှု (Mercy)နှင့် လူမှုရေးညီမျှမှု (Social Justice) တို့ ပါဝင်ပါ သည်။ အထူးသဖြင့် လွတ်လပ်သော ပုဂ္ဂလလူသားအယူအဆကို ဖော်ထုတ် ခဲ့လေသည်။ သူ၏ Road to freedom (1918), How to be free and Happy (1924), On Education (1926), Marriage and Morals (1929) တို့တွင် လူသား၏ကာယစိတ္တလွတ်လပ်မှု အယူအဆများနှင့်ပတ်သက် ၍ ရှင်းလင်းစွာ ဖွင့်ဆိုခဲ့လေသည်။ ဤစာတမ်းတွင်မူ ရပ်ဆယ်၏ လွတ်လပ် ပွင့်လင်းသော ပညာရေးအယူအဆကို အဓိကထားတင်ပြရန် ရည်ရွယ်ပါသည်။

လူတို့သည် ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များ ထားရှိကြလေသည်။ သူတို့၏ လူမှုလက္ခဏာ အမြင်များအလိုက် လိုလားအပ်သော ပညာရေး ရည်မှန်းချက်များလည်း တစ်ခုနှင့်တစ်ခု အမြင်ကွဲပြားကြပါ သည်။ နိုင်ငံတော်သည် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာ အတွက် တာဝန်ထမ်းဆောင်ရန်၊ အစိုးရအဖွဲ့ တည်ရှိမှုအတွက် အထောက်အပံ့ပေးရန် ကလေးသူငယ်များကို ပညာပေးကြသည်။ အလယ်ခေတ် ပုပ် ရဟန်းတို့ကလည်း သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို မြှင့်တင်ရန်အတွက် ဘာသာရေး ကျမ်းဂန်များကို သင်ကြားပေးရန် အလိုရှိကြသည်။ ငြိမ်းချမ်းရေး လိုလားသူများက စစ်သားကောင်းဖြစ်ရေးအတွက် ပညာပေးခြင်းမျိုးကို ဆန့်ကျင် ကြသည်။ ထို့အတူ ကွန်မြူနစ် (Communist)များနှင့် ပုဂ္ဂလလူသားဝါဒီများ (Individualists)၏ ပညာရေးအမြင်များမှာလည်း ကွဲပြားခြားနား နေကြပါသည်။

ရပ်ဆယ်ကမူ နိုင်ငံရေး၊ ဘာသာရေး၊ ကျင့်ဝတ် စသည့် ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အယူအဆတစ်မျိုးတည်းအား လေ့ကျင့် သင်ကြားပေးခြင်းကို ဆန့်ကျင်ခဲ့သည်။ စံနှုန်းတစ်ခုတည်းကိုသာ လေ့ကျင့် သင်ကြားပေးခြင်းသည် ဆိုးဝါးသော အကျိုးသက်ရောက်မှုများကိုသာ ဖြစ်စေနိုင်သည်ဟု ရပ်ဆယ်က ရှုမြင်ခဲ့သည်။ ဥပမာ-ဘောဂဗေဒ (Economy)ကို လေ့လာသင်ယူ နေသော လူတစ်ယောက်သည် ပုဂ္ဂလဝါဒီများ (Individualists)၊ ဆိုရှယ်လစ်များ (Socialists)၊ တံခါးပိတ်စီးပွားရေးဝါဒီများ (Protectionists)၊ လွတ်လပ်သော ကုန်သည်စီးပွားသမားများ (Free Traders) စသည်ဖြင့် ၎င်းတို့၏ အယူအဆအမျိုးမျိုးကို လေ့လာကြားနာသင့်လေသည်။ အခြားသော စာအုပ်စာတမ်းများကိုလည်း ဖတ်ရှုလေ့လာရန် အားပေးရပါမည်။

ရာဇဝင်ပညာ (History)ကို သင်ယူရာတွင်လည်း မိမိတိုင်းပြည်၏ ရှုထောင့်အမြင် သာမက အခြားအခြားသော တိုင်းနိုင်ငံ၏ အမြင်များကိုပါ အသိအမှတ်ပြုရ ပေမည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးတစ်မျိုး သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ ယုံကြည်ယူဆချက်သည် အခြားမည်သည့်လူမျိုး၊ မည်သည့်နိုင်ငံတိုင်းနှင့်မျှ ထပ်တူမညီနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရာဇဝင်ပညာသာမက အခြား မည်သည့်ဘာသာရပ်ကိုမဆို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသိရှိနိုင်ရန် စာသင်သားများကို လွတ်လပ်သည့် ထင်မြင်ယူဆခွင့် (Free Speculation) ပေးရမည် ဖြစ်လေသည်။

ရပ်ဆယ်၏ ပညာသင်ကြားရေး ရည်မှန်းချက်များမှာ ရည်မွန်ယဉ်ကျေးသော လူသားများဖြစ်မြောက်ရေးပင် ဖြစ်သည်။ ရည်မွန်ယဉ်ကျေးသူသည် မှန်သည်ထင်သော အရာများတွင် လူအများက မထောက်ခံသည့်တိုင်အောင် လုပ်ရဲကိုင်ရဲ ရှိလာသည်။ မတရားသော လူမှုရေး၊ စီးပွားရေးစနစ်များအကြောင်း ကောင်းကောင်းသိပြီး တိုက်ဖျက်တွန်းလှန်လိုစိတ်လည်း ရှိသည်။ လူသားများ အပေါ် အကြင်နာမေတ္တာ ထားနိုင်စွမ်းလည်း ရှိသည်ဟု ရပ်ဆယ်က ဆိုပါ သည်။ ရပ်ဆယ်၏ အလိုအရ လူဆန်သော လူတစ်ယောက်ဖြစ်လာစေရေး အတွက် အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမြတ်မှုတို့ လိုအပ်ပါသည်။

အသိပညာကို ယေဘုယျ နှစ်ပိုင်းခွဲခြားပြီး အချက်အလက်များနှင့် သက်ဆိုင်သော သုတပညာ (Information Knowlegde)နှင့် ဉာဏ်အမြော် အမြင်နှင့်ဆိုင်သော ဉာဏ်ပညာ (Intellectual Knowledge)ဟူ၍ သတ် မှတ်ထားပါသည်။ အချက်အလက်များနှင့် သက်ဆိုင်သော အသိပညာဆို သည်မှာ အခြေခံအရေးအဖတ် ဘာသာစကားမှအစ စိုက်ပျိုးမွေးမြူရေးပညာ၊ သိပ္ပံပညာ၊ ဗိသုကာပညာ၊ ဆေးပညာနှင့် အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆိုလိုပါသည်။

ဉာဏ်အမြော်အမြင်နှင့် သက်ဆိုင်သော အသိ ပညာဆိုသည်မှာ ရရှိပြီးသား အသိပညာ၊ ဗဟုသုတတို့ထက် ပိုမိုသော စူးစမ်းလေ့လာမှု စိတ်ဓာတ်ဖြစ်သည်ဟု ရပ်ဆယ်က ဆိုပါသည်။ ဤကဏ္ဍတွင် စဉ်းစား တွေးခေါ် တတ်မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှု၊ တန်ဖိုးဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်နိုင်မှုအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါသည်။ ရပ်ဆယ်၏ အလိုအရ လူသားသည် အသိပညာရရှိရန်အတွက် မိမိ၏ ရှင်သန်နိုးကြားမှ အလျောက် စူးစမ်းရှာဖွေစိတ်ရှိ ရပါမည်။ မိမိကိုယ်တိုင်ရော၊ အခြားပုဂ္ဂိုလ်များ ကိုပါ လူမှုရေးအရဖြစ်စေ၊ အသိပညာ ရရာရကြောင်းအတွက်ဖြစ်စေ၊ အခြားအခြားသော အကြောင်းကြောင်းများကြောင့်ဖြစ်စေ ရိုသေလေးစားမှုနှင့် စာနာကရုဏာထားမှု ရှိရမည်ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိလာသည့် လူသား သည် အသိပညာရရှိရန် လွယ်ကူလာပါမည်။ ရရှိပြီးသား အသိပညာ နှင့်လည်း မိမိဘဝကိုရော၊ လောကတစ်ဝန်းလုံးကိုပါ ပြောင်းလဲပစ်ရန် ရည်ရွယ်လာပါလိမ့်မည်။ သို့မှသာ စစ်မှန်သော လူသား၏အဓိပ္ပာယ်ရှိမှုကို အောင်မြင်စွာ ဖော်ဆောင်လာနိုင်လိမ့်မည် ဖြစ်လေသည်။

ကျင့်ဝတ်ဆိုင်ရာ ပညာရေး (Moral Education)တွင် မှန်ကန်မှု (Truthfulness)သည် အရေးကြီးသော သော့ချက်တစ်ခုဖြစ်ပါသည်။ မှန်ကန်မှုဆိုရာ၌ ပြောဆိုဆက်ဆံရေး၌သာမက အတွေးအကြံနှင့် အပြုအမူများပါ မှန်ကန်စေရန် လိုအပ်ပါသည်။ တစ်ဖက်ကလည်း ကလေးသူငယ်များအား ကြောက်ရွံ့ထိတ်လန့်မှုကင်းစေပြီး အမှန်တရားကို သိမြင်စေရန်အတွက် ပြုစုပျိုးထောင်သွားရပါမည်။ ရှေ့၌ဆိုခဲ့သည့် လူသားဂုဏ်သိက္ခာ၊ သနားကြင်နာမှု၊ လူမှုရေးညီမျှမှုများ တိုးတက်ထွန်းကားလာစေရန်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပညာပေးမှုနှင့် ပတ်သက်နေပါသည်။ မိမိအယူအဆနှင့် အပြုအမူများသာ ထာဝရမှန်ကန်သည်ဆိုသော အစွန်းရောက်အမြင်မျိုးကိုလည်း ရှောင်ရှားတတ် စေရန် လေ့ကျင့်ပေးရပါမည်။

ကိုယ်ချင်းမစာနာသော (Uncharitable)၊ သည်းမခံနိုင်သော (Intolerant)၊ ရက်စက်ယုတ်မာသော (Cuel)၊ ရန်လို သော (Belligerent, Belicose) အပြုအမူများကို လူ့အဖွဲ့ အစည်း၏ မလို လားအပ်သော အရာများအဖြစ် တားမြစ်ရပါမည်။ ဤလူမဆန်သော၊ မလို လားအပ်သော အပြုအမူများကို ပြေပျောက်စေရန်မှာလည်း သက်ဆိုင်ရာ လူ့အဖွဲ့ အစည်းတို့၏ ပညာပေးမှုအစီအစဉ်နှင့် ပတ်သက်နေသည်ဟု ရပ်ဆယ်က ဆိုပါသည်။

ဘာထရန်ရပ်ဆယ်၏ အလိုအရ တင်းကျပ်သည့် နိုင်ငံရေးစည်းမျဉ်း (Regimentation)နှင့် ပညာရေးအာဏာပိုင်မှု (Educational Authorities)တို့ကို ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာ၌ ရှောင်ကြဉ်ရပါမည်။ နေရာတကာတွင် အများယူဆသလို ကလေးသူငယ်များအား စည်းကမ်းသတ်မှတ်ပြီး ချုပ်ချယ်ရန်မလိုပေ။

ကလေးများအား အတင်းဖိနှိပ်ပြီး နှိမ်သည့် သဘောဖြင့် ရိုသေကျိုးနွံအောင် လုပ်ခြင်းသည် ကလေး၏စိတ်ထဲတွင် အမုန်းစိတ်ကိုသာ ပွားများစေနိုင်ပါသည်။ အနှိမ်ခံရသော ကလေးသည် အမုန်းဖြင့် တုံ့ပြန်လာတတ်မြဲ ဖြစ်သည်။ သို့ရာတွင် ဤသို့ပေါ်ပေါက်လာသော အမုန်းစိတ်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရပြန်ရကား ယင်းစိတ်သည် ရင်ထဲမှာပင် ကြိတ်မှိတ်ခံစားနေရပါက တဖြည်းဖြည်း ခိုင်မာလာပါမည်။ ထိုအခါ ကလေးသူငယ်၏ ကျန်ရှိသော ဘဝခရီးတစ်လျှောက်လုံးတွင် ထူးဆန်းသော အဖျက်အဆီးများ ဖြစ်လာတတ်လေသည်။

သူ၏ (Education and Civilization)စာတမ်းတွင် အကြွင်းမဲ့လုပ်ပိုင်ခွင့် အာဏာပိုင်ဆိုင်မှု၏ ဆိုးပြစ်များကို ထောက်ပြစေရန် ဝေဖန်ထားလေသည်။ အကြွင်းမဲ့လုပ်ပိုင်ခွင့်အာဏာသည် ဆရာ-တပည့် နှစ်ဦးနှစ်ဖက်စလုံး အတွက် ဆိုးဝါးစေနိုင်သည်။ ဆရာများသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့်စရဏ တရားများ ပျက်ပြားပြီး အာဏာကို အလွဲသုံးစားလုပ်တတ်သော အုပ်ချုပ်သူများ ဖြစ်လာနိုင်ပါသည်။ ထို့အတူ တပည့်များသည်လည်း ပုန်ကန်ထကြွမှု (Rebellious)သို့မဟုတ် ခေါင်းငုံ့နာခံမှု(Submissive)စသည့် အစွန်း နှစ်ဖက်သို့ ချဉ်းကပ် သက်ရောက်နိုင်ပါသည်။ ထိုအခါ စာသင်သားများသည် မည်သည့်အကြွင်းမဲ့အာဏာကိုမဆို ဆန့်ကျင်လိုသောဆန္ဒများ ပေါ်ပေါက်လာ နိုင်ပါသည်။ တစ်ဖက်ကလည်း ခေါင်းငုံ့နာခံတတ်မှုကြောင့် သူတို့၏ တီထွင် ရှေ့ဆောင်သော ဉာဏ်ရည်ဉာဏ်သွေးအားလုံး (All Sense of Initiative) ဆုံးရှုံးပျက်စီးစေနိုင်ပါသည်ဟု ရပ်ဆယ်က ဆိုထားပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)

ဆောင်းပါးရှင် သူရိန်ထက်လင်းရဲ့ ဖော်ပြပြီးခဲ့တဲ့ ဆောင်းပါးတွေ

၁။ ပလေတို (စံပြပညာရေး) - အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/25/10/2023/28308/

၂။ ပလေတို (စံပြပညာရေး) - အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/26/10/2023/28376/

၃။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) - အပိုင်း(၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/01/11/2023/28767/

၄။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) - အပိုင်း(၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/02/11/2023/28855/

၅။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) - အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/08/11/2023/29224/

၆။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) - အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/09/11/2023/29294/

၇။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/15/11/2023/29589/

၈။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/16/11/2023/29642/

၉။ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်) - အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၅) >>> https://www.tntynews.com/22/11/2023/29941/

၁၀။ ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်) - အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၅) >>> https://www.tntynews.com/24/11/2023/30028/

၁၁။ မွန်ရီယာမွန်တက်ဆိုရီ ( ဗီဇ၊ ဝန်းကျင်နှင့် ပညာရေး)၊ ပညာအတွေး၊ ဒဿနအမြင် (၆) >>> https://www.tntynews.com/29/11/2023/30284/

၁၂။ ဂျွန်ဂျူဝီ (ပညာအမွေအနှစ်၊ လူမှုအုတ်မြစ်)-အပိုင်း (၁)၊ ပညာအတွေး၊ ဒဿနအမြင် (၇) >>> https://www.tntynews.com/06/12/2023/30609/

၁၃။ ဂျွန်ဂျူဝီ (ပညာအမွေအနှစ်၊ လူမှုအုတ်မြစ်)-အပိုင်း (၂)၊ ပညာအတွေး၊ ဒဿနအမြင် (၇) >>> https://www.tntynews.com/07/12/2023/30646/