ရာသီဥတုအပြောင်းအလဲကြောင့် ထားဝယ်ဒေသက ပျိုးကြဲလယ်ဧကအများအပြားပျက်စီး
ရာသီဥတုအပြောင်းအလဲကြောင့် ထားဝယ်ဒေသက ပျိုးကြဲလယ်ဧကအများအပြားပျက်စီး
မိုးရွာတာနဲ့ နေပူတာမမျှတတာကြောင့် ပျိုးကြဲထားတဲ့ ထားဝယ်ဒေသက လယ်ဧကအများအပြားပျက်စီးခဲ့တယ်လို့ လယ်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်း မိုးပုံမှန်ရွာသွန်းတာကြောင့် လယ်အားလုံးနီးပါး မိုးစပါးပျိုးပင်တွေကြဲခဲ့ပေမယ့် ဇွန်လကုန်ပိုင်းမှာ ရက်ဆက်နေပြန်ပူလာတာကြောင့် ပျိုးကြဲထားတဲ့အပင်တွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
“မိုးရွာထားလို့ လယ်ထဲရေရောက်နေတဲ့အချိန်မှာ နေပြင်းပြင်းပူလိုက်တော့ ရေနွေးနဲ့ပြုတ်သတ်သလို ဖြစ်သွားတာ။ ရေတွေဝါပြီး အပင်ပေါက်လေးတွေ အကုန်ပုတ်ကုန်တယ်” လို့ ထားဝယ်ဒေသက လယ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလိုပျက်စီးတာဟာ ထားဝယ်မြို့ရဲ့တောင်ဘက်မှာ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဧကထောင်ချီတဲ့လယ်တွေထဲက သုံးပုံတစ်ပုံလောက်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့နယ်မှာ တစ်ဧက၊ နှစ်ဧက တနိုင်တပိုင်စပါးစိုက်ပျိုးနေသူတွေလည်းရှိသလို လယ်ထွန်စက်အကြီးတွေနဲ့ ဧကရာနဲ့ချီလုပ်ကိုင်နေသူတွေလည်းရှိပါတယ်။
“ကျမမှာဆိုရင် ဧက ၂၀ ကျော်ရှိတဲ့ထဲက ၇ ဧက လုံးဝပျက်စီးသွားတယ်။ အဲဒီအပင်ပေါက်တွေကို နုံးရေနဲ့ဖုံးလိုက်ပြီ။ ပြီးမှ ရေတွေဖောက်ထုတ်ပြီး အကုန် အသစ်ပြန်ကြဲရမှာ” လို့လယ်ပိုင်ရှင်အမျိုးသမီးကပြောပါတယ်။
ပျိုးစပါး ပျက်စီးမှုတန်ဖိုးကတော့ တစ်ဧကကို ငါးသောင်းနဲ့အထက်ရှိတာကြောင့် လယ်ဧကရာချီလုပ်ကိုင်တဲ့သူတွေမှာ ကျပ်ငွေဆယ်သိန်းနဲ့အထက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပျိုးကြဲတဲ့စပါးမှာ စပါးသက်ငယ်၊ စပါးသက်လတ်နဲ့ စပါးသက်ကြီးဆိုပြီး သုံးမျိုးရှိရာမှာ စပါးတစ်တင်းကို အခုနှစ်ပေါက်စျေး ၂ သောင်းဝန်းကျင်ကနေ ၃ သောင်းဝန်းကျင်အထိစျေးမြင့်နေတာပါ။
အာဏာမသိမ်းခင်ကတော့ အဲဒီစပါးသုံးမျိုးဟာ တစ်တင်းကို ၈ ထောင်ကနေ ၁ သောင်းခွဲဝန်းကျင်မှာသာ စျေးရှိတယ်လို့ သိရပါတယ်။
ပျိုးကြဲဖို့အတွက် အဲဒီစပါးကိုရေထဲမှာ ၃ ရက်ကနေ တစ်ပတ်အထိ ပျိုးဖောက်ပြီး လယ်ကွင်းတွေထဲ ပြန်ကြဲရတာဖြစ်ပါတယ်။
အခုလိုလယ်ဧကအများအပြား ပျက်စီးတာမျိုး အရင်ကမရှိခဲ့ပေမယ့် မနှစ်ကစပြီး အနည်းအကျဥ်းပျက်စီးတာမျိုးရှိလာတာပါ။ ဒီနှစ်ကတော့ ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ လယ်လုပ်ကိုင်သူတွေကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ အခုလဆန်းပိုင်းမှာတော့ အယ်နီညို(El-Nino) ရဲ့ အကျိုးသက်ရောက်မှု စတင်နေပြီလို့ သတိပေးထားပါတယ်။ လက္ခဏာတွေက မုတ်သုံအားကောင်းမှု နှေးကွေးမယ်လို့ ဆိုပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင် ရေးသားဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးတွေမှာတော့ အယ်နီညိုအားကောင်းတဲ့ ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံမှာ မုတ်သုံအဝင်နောက်ကျတာ၊ မုတ်သုံအင်အားနည်းတာနဲ့ အပူချိန်တိုးတာတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။
The Tanintharyi Times

