အဖြူထည်ပေါ်မှာ အမဲတစ်စက် မစွန်းစေချင်ပါ
အဖြူထည်ပေါ်မှာ အမဲတစ်စက် မစွန်းစေချင်ပါ
ခေတ်စနစ်ရဲ့ လွှမ်းမိုးခံရမှု၊ အမူအကျင့် ကူးစက်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်ချက် အများအပြား ရှိနေပေမယ့် ဒီနေ့အထိ အငြင်းပွားစရာတွေ များနေဆဲပါပဲ။ ကိုယ်ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ ခေတ်စနစ်တွေဟာ ကိုယ့်ဆီကို ဘယ်လောက်အထိ ပျံ့နှံ့စိမ့်ဝင်နေစေတတ်သလဲ။
တကယ်လို့များ အမူအကျင့်ကူးစက်တာမျိုး ရှိတယ်ဆိုရင် အကောင်းတွေသာမက အဆိုးတွေလည်း ကူးစက်နိုင်တယ်ဆိုတာတော့ မေ့ထားလို့ရမယ် မထင်ပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ် နှိပ်စက်ညှဉ်းပမ်းလာတာ အားမရလို့ စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်ဖို့ ၂၀၂၁ မှာ တဖန်အာဏာသိမ်းပြန်တယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးကြီးကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ထွက်ပေါ်လာခဲ့ရတယ်။
နွေဦးတော်လှန်ရေးမှာ အသက်သွေးချွေးတွေနဲ့ အရင်းအနှီးပြုပေးခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေကို အကြိမ်ကြိမ်အခါခါ ဦးညွတ်မိပါတယ်။ သူတို့ရဲ့ သတ္တိသွေးနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို တွေ့မြင်မိတိုင်း တုန်လှုပ်အံ့ဩတဲ့စိတ်တွေနဲ့အတူ အားတက်ဂုဏ်ယူမိတာလည်း အခါခါပါပဲ။
ဒါပေမယ့် အခုတလော ကြားနေမြင်နေရတဲ့ သတင်းတချို့ကြောင့် စိတ်မချမ်းမသာ ဖြစ်မိတာအမှန်ပါ။ ဒလန်လို့ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ယူနီဖောင်းဝတ်ထားတဲ့ လူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်ကန်ကျောက်ပြီး သေနတ်နဲ့ပစ်သတ်လိုက်တဲ့ မြင်ကွင်း။ ဖမ်းမိလာတဲ့ သုံ့ပမ်းစစ်ခွေးတွေကို စနောက်လိုတဲ့သဘောနဲ့ ကျဉ်စက်တို့ပြီး ဝိုင်းရယ်နေကြတဲ့ ဗီဒီယိုဖိုင်တွေကို မြင်ရတော့ တကယ့်ကို စိတ်မသက်မသာ ဖြစ်မိပါတယ်။
နောက်တစ်နေရာမှာတော့ ဖမ်းမိထားတဲ့ ဗိုလ်ကြီးဆိုသူကို မသေရုံတမယ် ရုပ်ပျက်ဆင်းပျက် ရိုက်နှက်ထားပြီး ထိုင်ရှိခိုးခိုင်းနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်ကို လိုင်းပေါ်တင်ထားတာ တွေ့ရပြန်တယ်။ အံ့ဩစရာကောင်းတာက အဲဒီ post အောက်မှာ “အဲဒီလောက် နှိပ်စက်တာ နည်းတောင်နည်းသေးတယ်၊ ဒီထက်ပိုနှိပ်စက်ပစ်ရမှာ” ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ (comment) မှတ်ချက်တွေက ထောင်ဂဏန်းအရေအတွက် ရှိလာခဲ့တယ်။ comment တွေဟာ စာသားအရ ကွဲပြားနေရင်တောင် အဓိပ္ပာယ်ကတော့ “နှိပ်စက်တာကောင်းတယ်” ဆိုတဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ပြောနေကြတယ်။ comment တွေကို ဖတ်ပြီး ဒါဟာလည်း အပြုအမူ ကူးစက်မှုတစ်မျိုးများ ဖြစ်နေမလားလို့ တွေးမိပါတယ်။
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရတဲ့ ပြည်သူတွေအတွက် စစ်သည်တော်ကျင့်ဝတ်ဆိုတာ ဘာလဲလို့ လေ့လာဖို့ အချိန်နည်းခဲ့လို့ပဲလား။ နားကျည်းချက်တွေက ပြင်းထန်လွန်းလို့ စိတ်မထိန်းနိုင်ပဲ ကြမ်းတမ်းရက်စက်မိတာမျိုးလား။ ဒါမှမဟုတ် အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ကျင့်သားရနေလို့ အာဏာရှင်အမူအကျင့်တွေ အကူးစက်ခံလိုက်ရတာလား။ ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုနှိပ်စက်ညှဉ်းပန်းတဲ့အလုပ်ကို လုပ်တာလည်းဆိုတာ ပြုလုပ်သူတွေကသာ အသိဆုံး ဖြစ်မှာပါ။
အကျင့်ဆိုးတွေ ကူးစက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေအကြောင်းတွေးရင်း ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ကို ပြန်သတိရသွားမိတယ်။ စာအုပ်တစ်အုပ် ဖတ်တဲ့အခါ စာရေးဆရာပေးချင်တဲ့ ရသနဲ့သတင်းစကားကို စာဖတ်သူရဲ့အသိဉာဏ်အတိမ်အနက်အလိုက် နားလည်မှုပုံစံ ကွဲသွားတတ်ကြတာ မဟုတ်လား။ ဇာတ်ကြောင်းက ပေးချင်တဲ့ သတင်းစကားနဲ့ ကျွန်မနားလည်တာ လွဲကောင်းလွဲနေမှာပါ။ ဇာတ်လမ်းသဘောအရ အာဏာယစ်မူးတာလို့ ဆိုချင်ဆိုလို့ရပေမယ့် ကျွန်မခံစားနားလည်မိတာက အာဏာယစ်မူးတာထက် အမူအကျင့်ကူးစက်ခံလိုက်ရတာမျိုးပါပဲ။
စာရေးဆရာ “George Orwell” ရဲ့“ Animal Farm” ဆိုတဲ့ ဝတ္ထုပါ။ ဝတ္ထုဇာတ်ကြောင်းကို တိရိစ္ဆာန်တွေနဲ့ ပုံပမာပြုပြီး ရေးသားထားပေမယ့် လူ့အကျင့်စရိုက်ကို အပီပြင်ဆုံး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။ အတွေးပွားစရာ ဆင်ခြင်သုံးသပ်ဖို့ သင်ခန်းစာတွေ တပုံတပင်ပေးနိုင်တဲ့ ဂန္တဝင်ဝတ္ထုလေးတစ်ပုဒ်ပါပဲ။
မွေးမြူရေးသမားတစ်ယောက်ရဲ့ ခြံထဲက တိရိစာ္ဆန်တွေဟာ အနှိပ်စက်ခံရလွန်းလို့ အခွင့်သာရင် သူတို့သခင်ကို ပြန်လည်တော်လှန်ဖို့ အားခဲထားကြတယ်။ တစ်နေ့တော့ သူတို့မျှော်လင့်ကြံစည်နေတဲ့ တော်လှန်ရေးကြီးဟာ တကယ်ပဲဖြစ်သွားခဲ့တယ်။ ခြံပိုင်ရှင်သခင်ဖြစ်သူကို ဝိုင်းဝန်းမောင်းထုတ်ပြီး မွေးမြူရေးခြံကို သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရပ်ဝန်းအဖြစ် တည်ထောင်နိုင်ခဲ့ကြတယ်။
သူတို့ကို အနိုင်ကျင့်နှိပ်စက် ဗိုလ်ကျနေတဲ့ သူ့သခင်ထွက်ပြေးသွားရပြီးနောက်မှာ ခြံထဲက တိရိစာ္ဆန်တွေဟာ လွတ်လပ်ပြီး တန်းတူညီမျှ အခွင့်အရေးရှိတဲ့ နည်းလမ်းနဲ့ သူတို့အချင်းချင်း အုပ်ချုပ်ဖို့ ဆုံးဖြတ်ကြတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်း စတဲ့ ကြွေးကြော်သံတညံညံနဲ့ပေါ့။
အစကတော့ ဟုတ်မလိုလိုပါပဲ။ အချိန်နည်းနည်းကြာလာတော့ ကတုံးပေါ်ထိပ်ကွက်လုပ်တဲ့ကောင်တွေ ပေါ်လာတယ်။ အာဏာကိုလက်ဝါးကြီးအုပ်ပြီး စည်းကမ်းဥပဒေတွေကို ပြင်ချင်သလိုပြင်ကြ။ အထူးအခွင့်အရေးနဲ့ အကောင်းဆုံးအစာတွေဟာ သူတို့အတွက် ဖြစ်လာကြနဲ့။ စည်းစိမ်ယစ်နေတဲ့ အုပ်ချုပ်သူအကြီးအကဲဟာ သူ့အကျိုးအမြတ်အတွက် ကျန်တိရိစ္ဆာန်တွေကို နေ့မနားညမနား ကုန်းရုန်းအလုပ်လုပ်ခိုင်းတော့တယ်။
သူတို့တသက်လုံး မြင်တွေ့လာခဲ့ရတဲ့ သူတို့သခင်ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အမူအကျင့်အတိုင်းပဲ တိရိစ္ဆာန်အကြီးအကဲနဲ့ အပေါင်းပါတွေက ထပ်တူပြုမူမိလျက်သား ဖြစ်နေတယ်။ နိုင်လိုမင်းထက် အပြုအမူနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာခဲ့တယ်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ တရားမျှတမှု တန်းတူညီမျှတွေနဲ့ အတူနေထိုင်ကြမယ်ဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတော့တယ်။ နောက်ဆုံးတော့ အရိုးစွဲလာခဲ့တဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒကသာ အနိုင်ရသွားတာနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။
ဒီဝတ္ထုမှာ တိရိစ္ဆာန်တွေကို ဇာတ်ဆောင်ထားထားပေမယ့် လူ့သဘောသဘာဝကို တင်စားပုံဖော်ထားတဲ့နေရာမှာ ပီပြင်ပေါ်လွင်လွန်းလှတယ်။ သေနတ်မိုးထားတဲ့ အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ နေသားကျလာတဲ့ သူတွေဟာ ကိုယ်တိုင်အုပ်ချုပ်သူနေရာကို ရောက်လည်း ရောက်လာရော၊ မကောင်းတဲ့ အပြုအမူကို ရှောင်ရှားရမယ့်အစား ကိုယ်တိုင်ခေါင်းငုံ့ခံခဲ့ရတဲ့ ဆိုးရွားရက်စက်မှုတွေကို ပြန်လည်ပြုမူမိလျက်သား ဖြစ်နေတာ တအံ့တဩ တွေ့လိုက်ပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တချိန်လုံးထိတွေ့ခံစားခဲ့ရတဲ့ သူတွေဟာ အခွင့်ရရင် အကြမ်းဖက်နှိပ်စက်တဲ့သူတွေ ဖြစ်သွားတတ်ကြတာ သမိုင်းမှာ အများသားပါပဲ။ သတိကြီးကြီးထားနိုင်တဲ့ သူတွေမှသာ အဲဒီအမူအကျင့် ကူးစက်မှုစက်ဝန်းကို ဖြတ်တောက်နိုင်ကြတာပါ။ ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်အောင် သတိကြီးကြီးထားဖို့ သိပ်ကိုအရေးကြီးပါတယ်။
ဒီလိုပြောလိုက်တာက တော်လှန်ရေးသမားအားလုံး အာဏာရှင်အပြုအမူတွေ ပြုမူနေကြတယ်လို ဆိုလိုတာ မဟုတ်ပါဘူး။ ဖက်ဆစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးနေတာလည်း မဟုတ်ပါဘူး။ တော်လှန်ရေးသမားတွေ ကျူးလွန်မိတဲ့ ပြစ်မှုတွေထက် ဖက်ဆစ်တို့ရဲ့ ယုတ်မာဆိုးသွမ်းမှုတွေက အဆရာထောင်ပိုတယ်ဆိုတာ နားလည်လက်ခံပါတယ်။ ဒါပေမယ့် အဖြူထဲကအမဲစက်တစ်ခုမို့ သိသာထင်ရှားနေတာတော့ အမှန်ပါပဲ။
အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရသူတွေမို့ နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ဆင်နွှဲနေရတဲ့ စစ်သည်တော်တွေရဲ့ မူလရည်ရွယ်ချက်ကိုက မြင့်မြတ်ဖြူစင်တဲ့ မေတ္တာတရားအပေါ်မှာ အခြေခံပါတယ်။ တိုင်းပြည်အပေါ်ထားတဲ့ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာစေတနာထဲမှာ အကြမ်းဖက်မှု အမဲစက်တစ်စက် စွန်းထင်းသွားမှာမျိုးတော့ မဖြစ်စေချင်ပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တချို့က အကြမ်းဖက်လုပ်ရပ်တွေ မတော်တဆ ခြေလွန်လက်လွန် ကျူးလွန်မိတာမျိုး တွေ့ခဲ့ရင် ပြည်သူတွေအနေနဲ့လည်း စစ်ခွေးတွေကို မုန်းတီးစိတ်နဲ့ တော်လှန်ရေးသမားတွေကို အကြမ်းဖက်လုပ်ရပ်တွေ ထပ်မံကျူးလွန်မိအောင် ဝိုင်းဝန်းမြှောက်ပင့်ပြောဆိုတာမျိုး မပြုသင့်ပါဘူး။ မလုပ်သင့်တဲ့ အလုပ်တွေကို ရပ်တန်းကရပ်ဖို့ သတိပေးတဲ့ အပြောအဆို အပြုအမူမျိုးပဲ ပြုမူသင့်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ ငါတို့တစ်တွေကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် မီးလောင်တိုက်သွင်းခဲ့၊ ငါတို့သားမြေးတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့၊ စစ်ခွေးဘက်တော်သား ဒလန်ကောင်တွေမို့ အခွင့်သာရင် ငါတို့လည်း နှိပ်စက်ကလူပြန်ပြုမှာပဲ ဆိုတာမျိုးက လက်စားချေတဲ့ဘက်ကို ရောက်သွားပါပြီ။ ကျွန်မတို့လိုချင်တာ အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့တဲ့ စစ်တပ်အတွက် ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ကျခံစေတာမျိုး ဖြစ်ပါတယ်။ ပရမ်းပတာလက်စားချေတာမျိုး မဟုတ်ပါဘူး။ ဒီအချက်ကို လေးလေးနက်နက် သတိပြုမိစေချင်ပါတယ်။
စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်ကြတာမှ မဟုတ်တာ။ စစ်ပွဲမှာ အပြန်အလှန်ပစ်ခတ်ကြရ၊ သူသေကိုယ်သေ အပြိုင်နွှဲကြရတာ ထုံးစံပါ။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့တယ်ဆိုကတည်းက စစ်ပွဲကတော့ ဆင်နွှဲရမှာပါပဲ။ တိုက်ပွဲထဲမှာ ထိုင်ပြီးမေတ္တာပို့သနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒလန်တွေကို ရှင်းပစ်ရတာကလည်း တိုက်ပွဲတစ်မျိုးပဲလို့ ယူဆပါတယ်။ ဒါပေမယ့် ဒလန်ပဲဖြစ်ဖြစ်၊ စစ်သုံ့ပန်းပဲဖြစ်ဖြစ် ဖမ်းမိတဲ့အခါ လက်စားချေလိုစိတ်နဲ့ ညှဉ်းပမ်းနှိပ်စက်တာမျိုးဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေထဲမှာ “လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း မပြုရ။ စစ်သုံ့ပန်းများနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များအရ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံရမည်။” လို့ ဖော်ပြပါရှိပါတယ်။ အမျိုးသမီးများအပေါ် လိုက်နာရမည့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး “အမျိုးသမီးများအား ကာယိန္ဒြေပျက်စီးစေခြင်း၊ အရှက်ခွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း မပြုလုပ်ရ။” လို့ ပြဌာန်းထားတာ တွေ့ရပါတယ်။
အခြေအနေအရ လက်နက်ကိုင်ခဲ့ရတယ်ဆိုပေမယ့် လက်နက်ကိုင်ပြီဟေ့ ဆိုတာနဲ့ “စစ်သည်တော်တို့ရဲ့ ကျင့်ဝတ်စည်းမျဉ်း” တွေကို လိုက်နာကြဖို့ အရေးကြီးလှပါတယ်။ ဒီလိုမှ မဟုတ်ရင် “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတာလို ဖက်ဆစ်နားနီးတော့ ဖက်ဆစ်ပေါ့ ဆိုတာမျိုး ဖြစ်သွားမှာကို ပြည်သူတစ်ယောက်အနေနဲ့ သိပ်ကို စိုးရိမ်မိပါတယ်။ ဖောက်ပြန်မှားယွင်းတဲ့ အမူအကျင့်နဲ့ ခေတ်စနစ်ဆိုးရဲ့ လောင်းရိပ်ကနေ ရုန်းထွက်နိုင်မှသာ တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ကို ပြန်လည်ဆုပ်ကိုင်မိမှာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာဆိုးသွမ်းမှုတွေဟာ ပင်လယ်သမုဒ္ဒရာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လွဲမှားတိမ်းစောင်းတဲ့ လုပ်ရပ်တွေက ရေစက်တစ်စက်စာလောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေဟာ ပြည်သူ့အကျိုးအတွက်ဆိုတဲ့ သန့်စင်မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်စစ်ကို ဆင်နွှဲနေကြတဲ့ သူတွေပါ။ ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အဖြူထည်လုပ်ရပ်ပေါင်း မြောက်များစွာအပေါ်မှာ အမဲစက်တစ်စက် စွန်းထင်းသွားနိုင်မယ့် လုပ်ရပ်မျိုးကို အထူးတလည် ရှောင်ကြဉ်ကြဖို့ အရေးကြီးလှပါတယ်။
ငြိမ်းပန်
The Tanintharyi Times
