အလုပ်သမားလူတန်းစားနဲ့အတူမရှိ ခဲ့တာကြောင့် ဒီမိုကရက်တွေ ပစ်ပယ်ခံရတာလို့ ဘာနီးဆန်ဒါထောက်ပြ

အလုပ်သမားလူတန်းစားနဲ့အတူမရှိ ခဲ့တာကြောင့် ဒီမိုကရက်တွေ ပစ်ပယ်ခံရတာလို့ ဘာနီးဆန်ဒါထောက်ပြ

ဒီမိုကရက်တွေဟာ အလုပ်သမားလူတန်းစားနဲ့ အတူမရှိခဲ့တာကြောင့် အလုပ်သမားလူတန်းစားကလည်း သူတို့ကို ပစ်ပယ်သွားခဲ့တာလို့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် ဘာနီး ဆန်ဒါက ထောက်ပြပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် က ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟားရစ်ကို အနိုင်ရပြီးတဲ့နောက် ဘာနီး ဆန်ဒါကခုလို ပြောကြားခဲ့တာပါ။

“ ဒီမိုကရက်တွေ ဟာ အလုပ်သမားလူတန်းစားကို စွန့်ပယ်ထားခဲ့တာကြောင့် အလုပ်သမားလူတန်းစားက သူတို့ကိုပစ်ပယ်ခဲ့တာ အံဩစရာမရှိပါဘူး။ ပထမဆုံးသူတို့ လူဖြူအလုပ်သမားလူတန်းစားတွေ ကိုပစ်ပယ်ခဲ့ပါတယ်။ ယနေ့ကာလမှာတော့ လက်တင်အမေရိကနွယ်ဖွားတွေ နဲ့ အာဖရိကနွယ်ဖွား အလုပ်သမားလူတန်းစားကိုပစ်ပယ်ခဲ့တာပါ”လို့ဘာနီး ဆန်ဒါကဆိုပါတယ်။

အမေရိကန် လူချမ်းသားတွေဟာသမိုင်းမှာမကြုံဖူးလောက်အောင် ကျိကျိတက် ချမ်းသာနေချိန်မှာပဲ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက ရရစားစားဘဝမှာ လည်ပတ်နေကြရတယ်လို့ သူကထောက်ပြပါတယ်။

လူတန်းစားကွာဟမှု ပိုမိုကြီးမားလာတဲ့အပြင် ဝင်ငွေထွက်ငွေ မညီမျှမှု ဒဏ်ကိုလက်လုပ်လက်စားလူတန်းစားကခါးစည်းခံနေတယ်လို့ သူကဆက်ပြောပါတယ်။

အမေရိကန်အလုပ်သမားတွေရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ကထက် အများကြီးပိုနိမ့်ကျလာတယ်လို့ ဘာနီး ဆန်ဒါထောက်ပြပါတယ်။

ဘိုင်ဒန် – ဟာရစ် စီမံအုပ်ချုပ်မှုအောက်မှာမညီမျှမှုတွေပိုမိုဆိုးရွားလာတဲ့အပြင် ဆေးဝါးစျေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားလူတန်းစာတွေ အာမခံချက်ရှိတဲ့ ဆေးကုသခွင့် ဆုံးရှုံးခဲ့တာတွေက ဒီမိုကရက်တွေ အပေါ် ယုံကြည်မှုပျက်ပြားစေတဲ့ အချက်ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

အမေရိကန် အလုပ်သမားလူတန်းစားကအခုလိုရုန်းကန်နေရချိန်မှာ ဘိုင်ဒန်အစိုးရ ဟာ ပါလက်စတိုင်းပြည်သူတွေ အပေါ် ရက်စက်တဲ့ စစ်ပွဲတွေဆင်နွဲနေတဲ့နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရအပေါ်ကိုတော့ ရန်ပုံငွေ ဘီလီယံနဲ့ချီပုံအောထောက်ပံ့ခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။

ဘာနီး ဆန်ဒါ ဟာ ၂၀၁၆ ခုနှစ် နဲ့ ၂၀၂၀ ခုနှစ်တွေ မှာ ဒီမိုကရက်တစ်ပါတီတွင်းမှာ သမ္မတလောင်းအဖြစ် နှစ်ကြိမ် ဝင်ရောက်ယယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

“ ဒီမိုကရက်တွေ အနေနဲ့ လာမယ့်ကာလတွေမှာ အလုပ်သမား လူတန်းစား နဲ့ ဒီမိုကရေစီ အရေး စီးပွားရေးဆိုင်ရာ တရားမျှမှု နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြင်းပြင်းထန်ထန်ဆွေးနွေးဖို့ လိုအပ်နေပါပြီ” လို့ ဘာနီး ဆန်ဒါ ကအကြံပြုပါတယ်။

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times