KK Park က ထွက်ပြေးလာသူ ပြန်လည်ခေါ်ယူဖို့ အိန္ဒိယ အစိုးရက စစ်ဘက်ဆိုင်ရာ လေယာဉ်တွေစေလွှတ်

KK Park က ထွက်ပြေးလာသူ ပြန်လည်ခေါ်ယူဖို့ အိန္ဒိယ အစိုးရက စစ်ဘက်ဆိုင်ရာ လေယာဉ်တွေစေလွှတ်

ထိုင်း – မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက KK Park ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာတဲ့ အိန္ဒိယ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ အိန္ဒိယ အစိုးရ စစ်ဘက်ဆိုင်ရာ လေယာဉ်တွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နယ်ခြားစောင့် BGF ထိန်းချုပ်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေ တည်ရှိရာ KK Park ကို မြန်မာစစ်တပ် ဝင်ရောက်စီးနင်းနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းက အလုပ်သမားတွေကို ထွက်ပြေးတိမ်းရှောင် ခိုင်းခဲ့တာကြောင့် ထိုင်း နိုင်ငံဘက်ကို ကျားဖြန့် အလုပ်သမား ၁၆၀၀ နီးပါးထွက်ပြေးခဲ့သွားတာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ အိန္ဒိယ နိုင်ငံသားအများဆုံးဖြစ်တယ်လို့ သိရှိရပြီး ၄၆၅ ဦး အထိ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိန္ဒိယ အစိုးရဟာ သူ့နိုင်ငံသားတွေကို ပြန်လည် ခေါ်ယူဖို့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို စစ်ဘက်ဆိုင်ရာ လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ထိုင်း သတင်းဌာန Khaosod ကဖော်ပြပါတယ်။

ထိုင်းအစိုးရရဲ့ သတင်းရင်းမြစ်တွေအရ အိန္ဒိယ လေတပ်ဟာ ကျားဖြန့်လုပ်ငန်းတွေက နေထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေကို နိုဝင်ဘာလ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ သုံးကြိမ်ခွဲပြီး ခေါ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေ က အဓမ္မ ဖိအားပေးခိုင်းစေခံသူလို့ သတ်မှတ်ထားတဲ့ သူတွေကိုသာ ပြန်လည် ခေါ်ဆောင်ခွင့် ပေးမယ်လို့လည်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ကျားဖြန့် လုပ်ငန်းတွေကနေထွက်ပြေးလာသူတွေကို ရာဇဝတ်မှုကျူးလွန်သူ နဲ့ အဓမ္မခိုင်းစေခံသူ ဆိုတဲ့ ခေါင်းစဉ်တွေ ခွဲခြားသတ်မှတ်ပေးပြီးမှ အခုလို ပြန်လည်စေလွှတ်တာလို့လည်း သိရပါတယ်။

KK Park ထွက်ပြေးလာသူတွေထဲမှာ အမျိုးသား ၁,၃၃၂ ဦးနဲ့ အမျိုးသမီး ၂၆၅ ဦးတို့ပါဝင်ပြီး၊ နိုင်ငံပေါင်း ၂၈ နိုင်ငံ က ဖြစ်တယ်လို့ သိရပါတယ်။

အများစုကတော့ အိန္ဒိယနိုင်ငံသား၄၆၅ ဦး ၊ ဖိလစ်ပိုင်နိုင်ငံသား (၂၂၀)ဦး ၊ တရုတ်နိုင်ငံသား (၁၈၅)ဦး ၊ ဗီယက်နမ်နိုင်ငံသား (၁၅၁)ဦး နဲ့ အီသီယိုးပီးယားနိုင်ငံသား (၁၃၀)တို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ် နဲ့ BGF တို့ဟာ KK Park ကျားဖြန့် စင်တာ ဝင်းတစ်ခုလုံးကို ဗုံးခွဲဖျက်ဆီးနေတာ ၉ ရက်မြောက်ရှိပြီလို့လည်း သိရပါတယ်။

ကိုးကား – Khaosod English

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times