ကုန်တင်ကုန်ချအလုပ်သမားတွေကို စစ်ကောင်စီက အဓမ္မခေါ်ယူ စစ်သင်တန်းပေးနေ

ကုန်တင်ကုန်ချအလုပ်သမားတွေကို စစ်ကောင်စီက အဓမ္မခေါ်ယူ စစ်သင်တန်းပေးနေ

ပုံစာ - မောတောင်မြို့ နယ်စပ်ဂိတ်အနီး ကုန်တင်ကုန်ချလုပ်နေတဲ့ အလုပ်သမားတွေ (ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ စစ်ကောင်စီတပ်က ကုန်တင်ကုန်ချအလုပ်သမားတွေကို အဓမ္မခေါ်ယူပြီး စစ်သင်တန်းပေးနေတယ်လို့ KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးနဲ့ မောတောင်မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၈ ရက်က မောတောင်မြို့ ပျူစောထီးအဖွဲ့ဝင်တွေကနေ ကုန်တင်ကုန်ချအလုပ်သမား အဖွဲ့က အလုပ်သမား ၄၀ ဝန်းကျင်ကို ခေါ်ယူပြီး စတင်သင်တန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မောတောင်မြို့ နယ်စပ်တပ်စခန်းအနီးက ခြေလျင်တပ်ရင်း ခလရ (၂၂၄) တပ်ရင်းမှာ နေ့ဘက်တွေခေါ်ယူပြီး အခြေခံစစ်သင်တန်း ပေးနေတာဖြစ်ပြီး တယ်လို့ ဆိုပါတယ်။

“ သူတို့က စစ်မှုထမ်းသင်တန်းဆိုပြီး ပို့လိုက်တာမျိုးမဟုတ်ဘူး။ ကိုယ့်မြို့မှာပဲ အခြေခံစစ်သင်တန်းဆိုပြီး တက်ခိုင်းတာ။ ပျူစောထီးတွေကို စစ်သင်တန်းပေးတဲ့ပုံစံမျိုးပဲ။ အခုသင်တန်းသွားတက်နေရသူတွေရဲ့ မိသားစုဝင်တွေလည်း အရမ်းစိုးရိမ်နေကြတယ်” လို့ မောတောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေကနေ ကုန်တင်ကုန်ချအလုပ်သမားတွေကို ခလရ (၂၂၄) တပ်ရင်းထဲမှာ အလုပ်ရှိတယ်လို့ ပြောကာခေါ်ယူခဲ့ခြင်းဖြစ်ပြီး တပ်ရင်းကိုရောက်တဲ့အခါကျမှ အခြေခံစစ်သင်တန်းတက်ရောက်ဖို့ ပြောခဲ့တာဖြစ်တယ် လို့ မောတောင်မြို့ခံတွေက ပြောပါတယ်။

မောတောင်မြို့ ပျူစောထီးအဖွဲ့ဝင်အချို့ဟာ ကုန်တင်ကုန်ချလုပ်ငန်းတွေမှာ အလုပ်သမားခေါင်းဆောင်နေရာ ယူထားသူတွေလည်းရှိနေတာကြောင့် တပ်ရင်းထဲကိုခေါ်လာတဲ့ အလုပ်သမားတွေကို အလုပ်ဆက်လုပ်ချင်ရင် စစ်သင်တန်းမဖြစ်မနေတက်ရမယ်လို့ ဖိအားပေးခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။

သင်တန်းတက်ဖို့ ဖိအားပေးခံရတဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေထဲမှာ အသက် ၁၈ နှစ်ဝန်းကျင်ကနေ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတွေအထိပါဝင်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်သင်တန်းပေးနေဆဲဖြစ်ပြီး သင်တန်းတက်ရောက်နေရသူတွေထဲကနေ ထွက်ပြေးကြတာတွေလည်း ရှိနေတယ်လို့ ပဒိုစောညာဝါးနဲ့ မြို့ခံတွေက ဆိုပါတယ်။

“ ကျနော်တို့လည်း စောင့်ကြည့်နေတာပေါ့နော်။ သင်တန်းတက်နေတဲ့ထဲက အချို့က ထိုင်းဘက်ပြေးတယ်လို့ သိရတယ်။ သင်တန်းကတော့ဆက်ပေးနေတုန်းပါ” လို့ KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးက ပြောပါတယ်။

အခုလိုမျိုး ကုန်တင်ကုန်ချအလုပ်သမားတွေကို ဖိအားပေးစစ်သင်တန်းတက်ခိုင်းတာနဲ့ပတ်သက်လို့ မောတောင်မြို့က ကျန်နေတဲ့အလုပ်သမားတွေအပါအဝင် မိသားစုဝင်တွေနဲ့ မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လျှက်ရှိနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ပဒိုစောညာဝါးကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်သင်တန်းစီစဥ်ရာမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူနိုင်ဖို့စီစဥ်နေတာရှိတယ်လို့ ပြောပါတယ်။

The Tanintharyi Times