မြန်မာစစ်တပ်က ဦးဆောင်မယ့် လေတပ်အကြီးအကဲများညီလာခံကို ဖျက်သိမ်းဖို့ JFM က အာဆီယံကို တောင်းဆို

မြန်မာစစ်တပ်က ဦးဆောင်မယ့် လေတပ်အကြီးအကဲများညီလာခံကို ဖျက်သိမ်းဖို့ JFM က အာဆီယံကို တောင်းဆို

အာဆီယံလေတပ်အကြီးအကဲများ ညီလာခံတရပ်ကို နေပြည်တော်မှာ အခုလ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်နေပြီး အဲဒီညီလာခံကို မြန်မာစစ်အုပ်စု လေတပ်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင်သွားမှာ ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အာဆီယံအနေနဲ့ နေပြည်တော်မှာ ကျင်းပမယ့် လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီမှု လုပ်ဆောင်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ JFM အဖွဲ့က ပြောဆိုပါတယ်။

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ်စုနဲ့ စစ်ဘက် ရဲဘက် ထိတွေ့ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာ ဖြစ်ပါတယ်။ မြန်မာ့အကျပ်အတည်းကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဆီယံက စစ်အုပ်စုရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံ AACC ရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ၂၀၂၂ ဇန်နဝါရီလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့သူဖြစ်ပြီး လူပေါင်း ၁၀၀၀ နီးပါး သေဆုံးစေခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်း ACLED ရဲ့ အချက်အလက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးသူငယ် ၄၀ အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ကချင်ပြည်နယ်၊ အနန့်ပါကျေးရွာအတွင်း KIO နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ လက်ယက်ကုန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လေတပ်ကာကွယ်ရေးဦးစီးချုပ် ထွန်းအောင်ရဲ့ အမိန်ပေးကွပ်ကဲမှုကြောင့် ဖြစ်တယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။

“ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသဘာပတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လေတပ်အကြီးအကဲများ အစည်းအဝေးနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး မြေပြင်စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းရမှာ ဖြစ်ပြီး အာဆီယံလုပ်ငန်းစဉ်အားလုံးကနေ စစ်အုပ်စုကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လေတပ်အစည်းအဝေးကို ဆက်ပြီး ကျင်းပမယ်ဆိုရင် သပိတ်မှောက်ပြီး တရားမဝင်စစ်အုပ်စုပါဝင်နေတဲ့ ADMM လှုပ်ရှားမှုအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုသင့်ပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ရဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှားနဲ့ အမေရိကန် စတဲ့ ၈ နိုင်ငံတို့ ပါဝင်ပါတယ်။

The Tanintharyi Times