ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၉ ဦး ဖမ်းဆီးထောင်ချခံထားရပြီး အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိချမှတ်ခံထားရ

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၉ ဦး ဖမ်းဆီးထောင်ချခံထားရပြီး အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိချမှတ်ခံထားရ

ဓာတ်ပုံ - ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတဲ့ ကိုနေစိုးသူ။

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား စုစုပေါင်း ၉ ဦးခန့်ဟာ နိုင်ငံရေးအမှုတွေနဲ့ အကျဥ်းထောင်တွေမှာ အကျဥ်းကျခံနေရပြီး အမြင့်ဆုံးထောင်ဒဏ်အနေနဲ့ ၁၀နှစ်အထိအမိန့်ချမှတ်ခံထားရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့အချက်အလက်တွေအရသိရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်မှာ ကျောင်းသားဟောင်းအပါအဝင် ဖမ်းဆီးခံရသူဟာ ၂၀ဦးအထိရှိခဲ့ပြီး အဲဒီထဲက ၁၁ ဦးကတော့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

လွတ်မြောက်လာခဲ့သူတွေထဲက စတုတ္ထနှစ် လျှပ်စစ်မေဂျာကျောင်းသား ကိုမျိုးမင်းဦးကိုတော့ စစ်ကောင်စီတပ်သားတွေက ဒီနှစ် စက်တင်ဘာလထဲမှာပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

ဒါကြောင့်အခုလက်ရှိမှာ ကျောင်းသား၊ကျောင်းသူ ၉ ဦးရှိနေပြီး ဆရာမတစ်ဦးလည်း အကျဥ်းထောင်တွေထဲမှာရှိနေသေးတာဖြစ်ပါတယ်။

အကျဥ်းကျခံနေရသူတွေထဲမှာ ပြစ်ဒဏ်အမြင့်ဆုံးချမှတ်ခံထားရသူကတော့ အီလက်ထရောနစ်မေဂျာက စတုတ္ထနှစ်ကျောင်းသား ကိုနေစိုးသူဖြစ်ပြီး သူ့ကို စစ်ကောင်စီက ပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ထားတာပါ။

လက်ရှိမှာ တရားရင်ဆိုင်ဆဲကျောင်းသား ၃ ဦးခန့်ရှိနေပြီး သူတို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့သိရပါတယ်။

အခုလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက တစ်နိုင်ငံလုံးကအကျဥ်းသား၊ အကျဥ်းသူ ၆၀၀၀ နီးပါး ကိုပြန်လည်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဥ်းသားအနည်းအကျဥ်းသာပါလာခဲ့ပြီး ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူကတော့ တစ်ဦးမှမပါဝင်ခဲ့ပါဘူး။

The Tanintharyi Times