လောင်းလုံးမြို့က ကြံ့ခိုင်ရေးပါတီရုံးကို PDF တွေမိုင်းခွဲဖျက်ဆီး

လောင်းလုံးမြို့က ကြံ့ခိုင်ရေးပါတီရုံးကို PDF တွေမိုင်းခွဲဖျက်ဆီး

ပုံစာ - မိုင်းခွဲဖျက်ဆီးခံရတဲ့ ကြံ့ခိုင်ရေးပါတီရုံး။

ရွေးကောက်ပွဲမဲဆွယ်ကာလမှာ လောင်းလုံးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၅ နာရီခွဲမှာ လောင်းလုံးမြို့ပေါ်က ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲခဲ့တာဖြစ်ပြီး ရုံးတစ်ခုလုံးမီးလောင်ပျက်စီးသွားတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

“ရုံးကတော့ ကုန်သလောက်နီးပါးပဲဗျ။ အုတ်နံရံနည်းနည်းပဲကျန်မယ်” လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငွေပုက ဆိုပါတယ်။

အဲဒီရုံးဟာ လက်ရှိအချိန်ထိတော့ ကြံ့ခိုင်ရေးပါတီဝင်တွေ ရွေးကောက်ပွဲအတွက် အသုံးပြုတာမရှိသေးဘူးလို့ သိရပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ကတော့ အတုအယောင်ရွေး‌ကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလိုလုပ်ဆောင်ခဲ့တာလို ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာ မလုပ်ကြဖို့နဲ့ အဲဒီ‌ရွေးကောက်ပွဲကို နေရာ‌ဒေသမ‌ရွေးဆန့်ကျင်သွားမယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

လောင်းလုံးမြို့ပေါ်မှာ စစ်တပ်ဘက်က ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ပြီး ကြေညာတာတွေကို ပြီးခဲ့တဲ့လကစလို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကျင်းပမယ်လို့ ကြေညာထားပြီး အပိုင်း ၁ ကို အခု ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့နဲ့ အပိုင်း ၂ ကို လာမယ့် ၂၀၂၆ ခုနစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တွေမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ အနေနဲ့ ကျင်းပမယ့် မြို့နယ်စာရင်းမှာ တနင်္သာရီတိုင်းထဲက ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ရေဖြူ၊ ကျွန်းစု၊ ဘုတ်ပြင်း၊ တနင်္သာရီ မြို့နယ်တွေပဲ ပါဝင်လာတာကြောင့် လောင်းလုံးမြို့နယ်၊ သရက်ချောင်းနဲ့ ပုလော မြို့နယ်‌တွေဟာ အပိုင်း ၃ မှ ပါဝင်လာဖို့ ရှိ‌နေတာပါ။

အခုလမှာတော့ စစ်တပ်က လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတချို့ကို ရွေးကောက်ပွဲအတွက် စစ်ကြောင်းထိုးပြီး အိမ်ထောင်စုစာရင်းနဲ့ လူဦး‌ရေကောက်ယူတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times