လောင်းလုံးမှာ စစ်ကောင်စီဂိတ်ရှေ့ဖြတ်တဲ့ အရပ်သားတစ်ဦးကိုပစ်သတ်ပြီး PDF လို့ဝါဒဖြန့်
လောင်းလုံးမှာ စစ်ကောင်စီဂိတ်ရှေ့ဖြတ်တဲ့ အရပ်သားတစ်ဦးကိုပစ်သတ်ပြီး PDF လို့ဝါဒဖြန့်
လောင်းလုံးမြို့ပေါ် မှာ စစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်ပြီး PDF ကိုပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီအာဘော်တယ်လီဂရမ်ချန်နယ်တွေက ဝါဒဖြန့်ရေးသားထားပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာ ထားဝယ်ဘက်ကနေ လောင်းလုံးမြို့ဘက်ကို ဆိုင်ကယ်နဲ့လာချိန် လောင်းလုံးမြို့ပေါ်က လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။
ပစ်သတ်ခံရသူဟာ လောင်းလုံးမြို့နယ်၊ ကဘူကျေးရွာက ပန်းရံလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုကျော်ခိုင် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့် အမဲလိုက်မုဆိုးတယ်လီဂရမ်ချန်နယ်ကတော့ PDF တွေက စစ်ကောင်စီဂိတ်ကို လာရောက်ပစ်ခတ်တာကြောင့် သူတို့ဘက်ကပြန်လည်ပစ်ခတ်ချိန် PDF တစ်ဦးသေဆုံးတယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။
လောင်းလုံးဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ပစ်သတ်ခံရသူဟာ သာမာန်အရပ်သားတစ်ဦးပဲဖြစ်တယ်လို့ ဆိုပါတယ်။
” PDF လုံးဝမဟုတ်တာသေချာပါတယ်။ သေနတ်ထိသွားပြီးတော့ ဆိုင်ကယ်ရောလူရောလဲသွားတယ်။ အဲဒါကိုတောင်အကြာကြီးပစ်ထားပြီး တော်တော်ကြာမှထွက်ကြည့်တာ” လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဒီနေ့မနက်ပိုင်းမှာ ဂိတ်ကိုသွားရောက်ပစ်ခတ်တာမရှိသလို ပစ်သတ်ခံရသူဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်မဟုတ်ကြောင်း ပြောပါတယ်။
“လောင်းလုံးပကဖကရော တခြားအဖွဲ့ကရောသွားပစ်တာမရှိပါဘူး။ သူတို့ဘာသာ ဂိတ်ရှေ့ဖြတ်တဲ့သူကို ပစ်သတ်တာပါ။ ပစ်သတ်ခံရတာလည်း သာမာန်အရပ်သားပါပဲ” လို့ လောင်းလုံး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ဟာ ကိုကျော်ခိုင်ကို ပစ်သတ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝတ်ဆင်လေ့ရှိတဲ့ ပြောက်ကျားဝတ်စုံကို ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ယူနေတယ်လို့ လောင်းလုံးဒေသခံတွေက ဆိုပါတယ်။
သေဆုံးနေတဲ့ ကိုကျော်ခိုင်ကိုပြောက်ကျားဝတ်စုံနဲ့ လမ်းနဘေးမှာပစ်ထားတာကို မြင်လာတဲ့လမ်းသွားလမ်းလာတချို့လည်းရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်တာ၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာတွေကြောင့် အရပ်သား ၁၆ ဦးအထိသေဆုံးခဲ့ပါတယ်။
The Tanintharyi Times