အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဖမ်းမိတဲ့ ဒုတိုင်းမှုးနဲ့ အရာရှိတွေကို ဓာတ်ပုံနဲ့တကွ AA ထုတ်ပြန်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဖမ်းမိတဲ့ ဒုတိုင်းမှုးနဲ့ အရာရှိတွေကို ဓာတ်ပုံနဲ့တကွ AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် နပခကနေ လက်ရဖမ်းဆီးရမိတဲ့ ဒုတိုင်းမှူး အပါအဝင် ထိပ်ပိုင်းအရာရှိတွေကို AA က ထုတ်ပြန်လာပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်၊ ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်း တို့ကို လက်ရဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ AA က ထုတ်ပြန်လာတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းစစ်ရုံးအတွင်း လက်ကျန်နေရာတွေကို သိမ်းပိုက်နိုင်ဖို့ AA ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး အခု အချိန်နှစ်ပတ်အကြာမှာ စစ်ဌာနချုပ်တခုလုံးကို AA က ရရှိလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေအပြင် ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်စီကို ၃ ကြိမ်အထိ စစ်ကူလာချပေးတဲ့ကြားက နပခဌာနချုပ်ကို မနေ့နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ အမ်းတမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာကြောင့် AA ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၁၄ မြို့အထိ ရှိလာခဲ့ပါပြီး။
အဆိုပါ မြို့တွေဟာ ချင်းပြည်နယ်ထဲရှိ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောတို့ ဖြစ်ပါတယ်။
ဂွ၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့ ၄ မြို့သာ AA က သိမ်းပိုက်ဖို့ ကျန်နေတာ ဖြစ်ပြီး လက်ရှိ ဂွမြို့နယ်မှာလည်း AA ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီရဲ့ ဂွအခြေစိုက်တပ်စခန်းတွေ၊ စစ်ကူလာနေတဲ့ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတွေ၊ တခြားတပ်ရင်းပေါင်းများစွာတို့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂွမြို့ရဲ့ သုံးပုံ နှစ်ပုံခန့်ကိုလည်း AA က သိမ်းပိုက်ရရှိထားပြီးလို့လည်း ပြောပါတယ်။
စစ်ရေးအောင်မြင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ အမည်ဖော်ပြလို့မရသေးတဲ့ မိတ်ဆွေတချို့တို့ရဲ့ ဝန်းရံပံ့ပိုးမှုတွေကြောင့် ဖြစ်တာကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းတိုင်း လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စစ်မြေပြင်အောင်မြင်တွေရဲ့ တခြားတဖက်မှာ ရဲဘော်ရဲဘက်တွေရဲ့ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို့ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ ဒေသခံပြည်သူတွေ ဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူ ရင်ဆိုင် ခါးစည်းခံရပ်တည်ခဲ့တာတွေကလည်း အထောက်အကူပြုခဲ့တာကြောင့် ဆက်စပ်ပတ်သက်သူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
The Tanintharyi Times
