ထရမ့်အစိုးရလက်ထက်မှာ မြန်မာဒုက္ခတွေ ရွှေ့ပြောင်းနေရာချထားရေး စိုးရိမ်စရာဖြစ်လာ

ထရမ့်အစိုးရလက်ထက်မှာ မြန်မာဒုက္ခတွေ ရွှေ့ပြောင်းနေရာချထားရေး စိုးရိမ်စရာဖြစ်လာ

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ထရမ့်အစိုးရ တက်လာပါက မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးစီမံကိန်းတွေကို အဆုံးသတ်သွားမှာကို လူ့အခွင့်အရေးအဖွဲ့တွေစိုးရိမ်နေတယ်လို့ ထိုင်း သတင်းဌာန The Nation က ရေးသားဖော်ပြလာပါတယ်။

ဒေါ်နယ်ထရမ့် ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တွေ မှာ ကုန်သွယ်ရေး နဲ့ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းနေထိုင်မယ့်သူတွေ အရေးနဲ့ပတ်သက်ပြီး ပိုမိုတင်းကျပ်မယ်လို့ ပြောဆိုထားကြောင့် လူ့အခွင့်အရေးသမားတွေ စိုးရိမ်မှုပိုစေတယ်လို့ The Nation ကဆိုပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ဟာ ဗုဒ္ဓဟူးနေ့မှာ သမ္မတအဖြစ်ထပ်မံ ရွေးချယ်ခံရပြီးနောက် ထိုင်း – မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေနေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်တွေကို ရွေ့ပြောင်းနေရာချထားဖို့ အမေရိကန် အစိုးရနဲ့ သဘောတူထားတဲ့ စီမံချက်တွေကို ထရမ့်အစိုးရ က ဖျက်သိမ်းလိုက်မှာ စိုးရိမ်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

လူနည်းစု ဒုက္ခသည် ၆၀,၀၀၀ ခန့်ကို တတိယနိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သို့ ရွှေ့ပြောင်းဖို့ အတွက် ထိုင်းအစိုးရ နဲ့ ဒီမိုကရက် အစိုးရ တို့အကြိုသဘောတူထားပြီး အဲ့ဒီအစီစဉ်ကို ထရမ့် အစိုးရ ဖျက်သိမ်းလိုက်မှာကို စိုးရိမ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ ရှုံးနိမ့်သွားပါတယ်။ ရွေးကောက်ခံသမ္မတ ထရမ့် ဟာ လူ့အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ဦးစားပေးဖြေရှင်းမှာ မဟုတ်ဘူးလို့ပြောထားပါတယ်။ ဒါကြောင့် အဲ့ဒီအစီစဉ်က ဖျက်သိမ်းခံရနိုင်ပါတယ်” လို့ Asia Human Rights & Labour Advocates (AHRLA)အဖွဲ့ရဲ့ ဒါရိုက်တာ Philip Robertson ပြောပါတယ်။

ထရမ့် ရဲ့ ဦးစားပေးအစီစဉ်တွေ ဟာ ပြည်ပပို့ကုန်တွေကို အခွန်တိုးမြှင့်စည်းကြပ်မယ့် ကုန်သွယ်မှုကာကွယ်ရေးမူဝါဒတွေကိုသာ ဦးစားပေးလုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း Philip Robertson ကဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့် ဟာ အမေရိကန် နိုင်ငံသားမဟုတ်ဘဲ နိုင်ငံတွင်းမှာနှစ်ရှည်လများနေထိုင်နေတဲ့သူတွေကို ဖမ်းဆီးတာ နဲ့ ပြည်နှင်ပေးတာတွေလုပ်ဆောင်မယ်လို့ ပြောဆိုထားတာကြောင့် အမေရိကန် ပြည်ထောင်စု မှာ ပရမ်းပတာ အကျပ်အတည်းတွေဖြစ်လာမယ်လို့ လည်း သူကခန့်မှန်းပြောကြားခဲပါတယ်။

“အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံခြားသားတွေ ပြန်လည်ပို့ဆောင်ခံရဖို့ရှိပါတယ်။ အမေရိကန်မှာမွေးပြီး US နိုင်ငံသားဖြစ်ခွင့်ရထားတဲ့ ကလေးတွေလောက်ပဲ ဆက်နေထိုင်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်” လို့ Philip Robertson က ထရမ့် အစိုးရတက်လာပါက ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကိုပြောပြပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့် နဲ့ပတ်သက်ပြီး ကန့်သတ်တာတွေ ဆက်တိုက် လုပ်ဆောင်လာဖို့ ရှိတာကြောင့် အမေရိကန်ပြည်ထောင်စု မှာ မကြုံစဖူးလူအခွင့်အရေးဆိုင်ရာ မငြိမ်သက်မှု တွေဖြစ်လာမယ်လို့ လည်း Philip Robertson ကဆိုပါတယ်။

ကိုးကား – The Nation

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times