အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ကာကင်းစခန်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ကာကင်းစခန်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်

▪️စစ်‌ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊​မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက စစ်‌ကောင်စီ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF ကထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာစစ်‌ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ကလည်း ထုတ်ပြန်ထားပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ၊ ညနေ ၅ နာရီခန့်မှာ ၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ကာကင်းစခန်းကို ယင်းမာပင် ပ.က.ဖ(ULF စစ်ကြောင်းမှုး)​ ဦးဆောင်ပြီးတော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မိနစ်သုံးဆယ်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်‌ကောင်စီကာကင်းစခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ KLG PDF က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကာကင်းစခန်းဟာ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စခန်းတစ်ခုဖြစ်တယ်လို့သိရပြီး တိုက်ခိုက်မှုကြောင့် စစ်သားတချို့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KLG PDF ကဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်‌ကောင်စီ ခမရ – ၁၀၆ က တပ်သား နေထက်အောင်၊ တပ်သား သက်ထွန်းငြိမ်းနဲ့ ရှိုင်းထက်အောင် ၊ ခမရ – ၃၆၈ မှ တပ်သား လွမ်းငြိမ်းသူ နဲ့ ရဲတပ်သား ဖြိုးထက်အောင် တို့ဖမ်းဆီးရရှိမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါဝာယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီထံတပ်က လက်နက်ငယ် (၉) လက်၊ ကွန်မန်ဒို စိန်ပြောင်း (၁) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ ၇၉ မမ ဗုံးသီး (၂) လုံး နဲ့ 5.56 ကျည် (၁၃၃၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကအင်အား (၁၀၀) ခန့် စစ်ကူရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ KLG PDF ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ၊ ကနီမြို့နယ် တိုက်နယ် ၅ ပကဖ အဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၁၇ ) B21 PDF ၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ( ၄၅ ) ‌KLG PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၃၅ ) PDA ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ( ၁၃ ) AungSanGeneration၊ မုံရွာခရိုင် တပ်ရင်း ( ၁၄ )၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

Connect Burma

The Tanintharyi Times