မြန်မာ့ အရေးမှာ ဂျပန်အစိုးရ ရပ်တည်ချက်ပြောင်းလာပြီလား
မြန်မာ့ အရေးမှာ ဂျပန်အစိုးရ ရပ်တည်ချက်ပြောင်းလာပြီလား
ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး ကိုမူရာမာဆုဟီရိုဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ဟာ မေ ၁၄ ရက် မနက် ၁၀ နာရီကျော် မှာတွေ့ဆုံခဲ့တယ်။
အဲ့ဒီနောက် ဗုဒ္ဓဟူးနေ့မှာပဲ ဂျပန်နိုင်ငံ တိုကျိုမြို့ ကို အမျိုးသားညီညွတ်အစိုးရ NUG ကိုယ်စားလှယ်တစ်ဦး နဲ့ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၃ ခုက ခေါင်းဆောင်တွေ ကိုလည်းဖိတ်ကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ မြန်မာ တော်လှန်ရေး အင်အားစုတွေဘက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပပြုခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ရဲ့ ကိုယ်စားလှယ်အနေနဲ့ ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းသာဟေး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနမ်ရော့၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ရဲ့ နိုင်ငံတကာနှင့် မဟာမိတ်ဆက်ဆံရေးကော်မတီ အတွင်းရေးမှူး လူးဝစ် တို့ ပါဝင်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဇော်ဝေစိုးက အာဏာသိမ်းစစ်ကောင်စီကို အနာဂတ်နိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ ပါဝင်ခွင့်မရှိစေရဆိုတဲ့ ဘုံသဘောတူညီချက်ကို ထောက်ခံသဘောတူကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးက ၂၀၂၃ ခုနှစ်က စစ်ကောင်စီကို အပြတ်အသတ် အနိုင်တိုက်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့သလို “ကျွန်တော်တို့ထိန်းချုပ်မှုအောက်မှာ မြို့ပေါင်း ၅၆ မြို့ ရှိနေပြီ” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အောင်မြင်နိုင်ချေများလေလေ စစ်တပ်က ပိုပိုပြီး ရက်စက်လာလေလေ” လို့ သူက ဆိုပါတယ်။
လူမျိုးစုတော်လှန်ရေးခေါင်းဆောင်တွေကတော့ စစ်အာဏာသိမ်းမှု သုံးနှစ်မြောက် နှစ်ပတ်လည် မတိုင်မီ တစ်ရက်အလို ဇန်န၀ါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့အညီ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲဖို့ အပါအဝင် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်တပ်က တာဝန်ခံဖို့ နည်းဥပဒေတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အခုဆိုရင် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းကျော် ရှိနေပြီ။ သူတို့အတွက် ပညာရေးနဲ့ ကျန်းမာရေးလို အခြေခံ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်သေးပါဘူး။ ဂျပန်နိုင်ငံအနေနဲ့ ဒီအချက်တွေကို ပံ့ပိုးကူညီပေးဖို့ မျှော်လင့်မိပါတယ်” လို့ ဆလိုင်း သာဟေးက ပြောပါတယ်။
အဆိုပါပွဲကို ဂျပန်အခြေစိုက် NGO တစ်ခုက စီစဥ်ခဲ့ပြီး တက်ရောက်လာသူတွေဟာ မေလ ၁၀ ရက်နေ့ကစလို့ တိုကျိုမှာ တစ်ပတ်ခန့်ကြာမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေလည်း ပါဝင်ပါတယ်။
ဖိတ်ကြားထားတဲ့ ခေါင်းဆောင်တွေထဲမှာ KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနဲ့ KNPP ဥက္ကဋ္ဌ ခူးဦးရယ် တို့ ပါဝင်ခဲ့ပေမယ့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေကတော့ စစ်ကောင်စီကို လေယာဥ်ဆီ တင်သွင်းပေးဖို့ တားဆီးရေး၊ အိန္ဒိယက စစ်ကောင်စီကို လက်နက်ထောက်ပံ့မှု ရပ်တန့်အောင် စည်းရုံးပေးရေး၊ နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီလက်အောက်က ပေးမယ့်အစား အခြားလမ်းကြောင်းတွေက တဆင့်ပံ့ပိုးကူညီသွားရေး စတဲ့အချက်တွေကို ဂျပန်အစိုးရဘက်က ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အင်္ဂါနေ့က နိုင်ငံခြားရေး ဒုဝန်ကြီး မာစဟီရို ကိုမူရာ Masahiro Komura နဲ့ ကိုယ်စားလှယ်အချို့တွေ့ဆုံခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပေမယ့် အမည်စာရင်းအတိအကျတော့ မဖော်ပြခဲ့ပါဘူး။
ဓာတ်ပုံမှတ်တမ်းအရ ကိုမူရာ နဲ့တွေ့ဆုံသူတွေထဲမှာ KNU, KNPP ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံနေပုံရပေမယ့် NUG ဝန်ကြီး ပါဝင်ခြင်း ရှိ၊မရှိ မသိရပေ။
ကိုယ်စားလှယ်အဖွဲ့ကတော့ အသေးစိတ်အချက်အလက်တွေ ပြောကြားဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မေမလ ၁၆ ရက်နေ့မှာတော့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေ နဲ့ ဂျပန်ပါလီမန်လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံမှုအပြီးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဇနီးဖြစ်သူ Ms Akie Abe နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ယခုခရီးစဉ်ဟာ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ရပ်တည်မှု တဖြည်းဖြည်း ပြောင်းလဲလာတဲ့အခြေအနေကို ပြသနေ ပါလို့ ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာန ကသုံးသပ်ထားပါတယ်။
ဂျပန်အစိုးရဟာ ယခင်က မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ ကိုခန့်အပ်ပြီး စစ်ကောင်စီနဲ့ တိုင်းရင်သားလက်နက်ကိုင် တပ်ဖွဲ့တွေ ပြန်လည်သင့်မြတ်ရေး အတွက် လုပ်ဆောင်ခဲ့ပါတယ်။
နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ ဟာ မြန်မာစစ်တပ် အာဏာစစ်တပ် အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ရခိုင်ပြည်နယ် အပစ်အခတ်ရပ်စဲရေး အတွက်ကြားဝင်စေ့စပ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်း ယူထားတဲ့ ကာလအတွင်မှာအတွင်း စစ်ကောင်စီ နဲ့ ပြေလည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စားနပ်ရိက္ခာ ထောက်ပံ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အတွင်းမှာတော့ နီပွန်ဖောင်ဒေးရှင်း နဲ့ ဆာဆာကာဝါ တို့ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု တွေ သိပ်မတွေ့ရတော့ပါဘူး။
အခုမေလ လယ်လောက်မှာတော့ ဂျပန်အစိုးရ ဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေ နဲ့ တရားဝင် တွေ့ဆုံခဲ့ပါတယ်။
လက်ရှိစစ်ကောင်စီအောက်မှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်း အများအပြား ရှိနေတာကြောင့် စစ်ကောင်စီနဲ့အဆက်အသွယ် ဖြတ်တောက်ဖို့ ခက်ခဲနေမှာ ဖြစ်ပေမယ့် သဘောထားရပ်တည်မှုတွေ တော်လှန်ရေးအင်အားစုတွေဘက်ကို ပြောင်းလဲလာတာကတော့ သိသာနေပါတယ်လို့ Nikkei Asia ကသုံးသပ်ထားပါတယ်။
“လက်ရှိအခြေအနေတွေက နွံအိုင်ထဲကို ရောက်နေသလို အနေအထားတော့ရှိတယ်ဗျ၊ အစိုးရအပိုင်းမှာ ရော ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာရော။ ရေတိုအတွင်း တိုးတက်လာဖို့တော့ မဖြစ်နိုင်တော့ဘူးလို့” ကျိုတိုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Yoshihiro Nakanishi က Nikkei Asia ကို ပြောပါတယ်။
ကိုးကား – Nikkei Asia,NHK
The Tanintharyi Times
