စစ်တပ်ဟာ အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရှိစေရလို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ ထုတ်ပြန်

စစ်တပ်ဟာ အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရှိစေရလို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ ထုတ်ပြန်

စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အဆုံးသတ်ဖို့ဆိုတဲ့ ရပ်တည်ချက်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အဲ့ဒီ ဘုံသဘောတူရပ်တည်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့က ဒီကနေ့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ ဦးတည်ချက်ထားရှိသလို စစ်တပ်ဟာ အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရှိစေရဆိုတဲ့ အချက်တွေလည်းပါဝင်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့လူမျိုးတွေရဲ့ သရုပ်လက္ခဏာတွေကို ကာကွယ်မြှင်တင့်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် မျှော်မှန်းချက်ထားရှိတယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ၂၀၀၈ ကို ပြန်လည်အသက်သွင်းတဲ့ ကြိုးပမ်းမှုမှန်သမျှကိုလည်း တိုက်ဖျက်သွားဖို့၊ သက်ဆိုင်သူတွေအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ဖို့ ဆိုတဲ့ အချက်တွေကိုလည်း ဦးတည်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းထဲမှာ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ကိုယ်တိုင် တဖက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ ပြန်ချိုးဖောက်ခဲ့တာကြောင့် ၂၀၀၈ ဥပဒေဟာ တရားမဝင်တော့ကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြည်သူ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ အများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာလည်း ၂၀၂၁ ဧပြီလမှာ CRPH ကနေ ဖွဲ့စည်းပေးခဲ့တဲ့ ကြားကာလအစိုးရတစ်ရပ် ဖြစ်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ ခြေဥ အောက်က နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနဲ့ နိုင်ငံရေးစနစ်ပြောင်းတည်ဆောက်ဖို့အတွက် အသုံးချဖို့ဆိုတဲ့ အချက် ပါရှိပါတယ်။

အဆိုပါ အသုံးချခြင်းဆိုတာ ၂၀၂၀ ရလဒ်ကနေတဆင့် ပေါ်ပေါက်လာပြီး ပြည်သူ့တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ NUG ၊ CRPH တို့အပေါ် ပြည်သူလူထုရဲ့ မဲပေးရွေးချယ်ခြင်း အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအလွန်ကာလမှာတော့ နိုင်ငံရေးဦးဆောင်မှုဟာ အာဏာရှင်စနစ် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စုပေါင်းပါဝင်ဦးဆောင်မှုနဲ့ နိုင်ငံသစ်တည်ဆောက်သွားမှာ ဖြစ်ပြီး နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းကြား အာဏာခွဲဝေမှုကို လက်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ပြည်တွင်း ပြည်ပက စစ်ရေး၊ နိုင်ငံရေး ဖိအားပေးဖို့၊ စစ်တပ်တာဝန်ရှိသူအနေနဲ့ အခု ထုတ်ပြန်ထားတဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို လက်ခံလာမယ်ဆိုရင် အာဏာသိမ်းမှု အဆုံးသတ်ရေးနဲ့ အေးချမ်းစွာ အာဏာလွှဲပြောင်းရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အပြီးသတ်ဖယ်ရှားဖို့၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့နဲ့ ပြည်ထောင်စုသစ် တည်ဆောက်ဖို့ စတဲ့ အချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့် ဆောက်ရွက်ချက်အဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။

NUG ၊ KNU ၊ KNPP ၊ CNF တို့ဟာ သက်ဆိုင်ရာ တော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းပြီး ဆောက်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

The Tanintharyi Times