NLD လက်ထက်က ခွင့်မပြုခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီလက်ထက်မှာခွင့်ပြု
NLD လက်ထက်က ခွင့်မပြုခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီလက်ထက်မှာခွင့်ပြု
ဒေသနေလူထုအတွက်ထိခိုက်စေနိုင်လို့ NLD အစိုးရလက်ထက်က ခွင့်မပြုခဲ့တဲ့ ကျွန်းစုမြို့နယ်၊ ကတ္တလူရွာက ရေအားလျှပ်စစ်စီမံကိန်းကို တိုးချဲ့ဖို့ စစ်ကောင်စီက ခွင်ပြုလိုက်ပါတယ်။
NLD အစိုးရလက်ထက်က ကီလိုဝပ်ရာဂဏန်းနဲ့ လျှပ်စစ်ဓာတ်အားထုတ်ပေးနေတဲ့ ကတ္တလူရေအားလျှပ်စစ်ကို ၃ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ဖို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ New Myanmar Renewable Energy ကုမ္ပဏီတို့တွေ့ဆုံပြီး အခုနှစ်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းစာတွေက ကြေညာခဲ့ပါတယ်။
အဲဒီလိုလက်မှတ်ရေးထိုးပြီး သိပ်မကြာခင်မှာပဲ သက်ဆိုင်ရာဝန်ထမ်းတွေဘက်က မြေတိုင်းတာတွေလုပ်ဆောင်လာသလို စက်သံတွေလည်းပိုကျယ်ကျယ်လောင်လောင်ကြားလာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စက်သံ ကြားနေရတာပဲ။ အရင်အသံအတိုင်းတော့ မဟုတ်ဘူး နဲနဲကျယ်တယ်။ ဘာတွေလုပ်နေလဲဆိုတာတော့ကျနော်တို့လည်းသွားမကြည့်ရဲဘူး။” လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာမှာ စစ်ကောင်စီနဲ့ဆက်ဆံရေးအဆင်ပြေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ပုစွန်မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့အတွက် လျှပ်စစ်တိုးမြင့်ထုတ်လုပ်နိုင်ရေးဟာ စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးတူစီးပွားရေးသာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာနေသူတွေက သုံးသပ်ပါတယ်။
“ယခုလိုမျိုးကာလမှ ဒီလိုနှစ်ရှည်ရင်းနှီးမြှုပ်နှံရတဲ့ လျှပ်စစ်စီမံကိန်းမျိုးက စစ်ကောင်စီနဲ့အစီအစဉ်တကျပူးပေါင်းထားတယ်လို့ ပြောရမယ်။ အဲဒီကျွန်းစုမြို့ ကတန်ကျွန်းပေါ်မှာက တနင်္သာရီရေတပ်စခန်းဌာနချုပ်နဲ့ ခရိုနီတွေရဲ့ ငါးပုစွန်ကန်တွေရှိတယ်လေ ဒါတွေဟာ အဲဒီစီမံကိန်းဖော်ဆောင်တဲ့ ကွင်းဆက်ဖြစ်နိုင်တယ်။” လို့ Tanintharyi Coalition Resource Watch ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ကတ္တလူရေအားလျှပ်စစ်အသေးစားစီမံကိန်းကထုတ်လုပ်တဲ့ လျှပ်စစ်ကို တနင်္သာရီရေတပ်စခန်းဌာနချုပ်ကရယူသုံးစွဲနေတာပါ။
ဒါ့အပြင် ကတ္တလူ၊ ထိန်ချောင်း၊ မရမ်းချောင်း၊ ကတန် ရွာတွေကို ၂၄ နာရီလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေပေမယ့် လွန်ခဲ့တဲ့ငါးလလောက်ကစပြီး မီးလည်းမမှန်တော့သလို ယူနစ်ဈေးနှုန်းတွေလည်း တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ငါးလလောက်ကစပြီး မနက် ၈ နာရီခန့်ကနေ ည ၁၀ နာရီထိသာ လျှပ်စစ်မီးရတော့သလို အဲဒီအချိန်ကာလအတွင်းမှာပဲ အရင်က တစ်ယူနစ်ကို ၆၀၀ကျပ်ကနေ ၁၁၀၀ ကျပ်အထိတက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကတ္တလူရေအားလျှပ်စစ်အားစီမံကိန်း ၃ မဂ္ဂါဝပ်အထိ အဆင့်မြှင့်တင်တာအပြင် နေရောင်ခြည်စွမ်းအင်စနစ်နဲ့ လျှပ်စစ် ၇ ဒဿမ ၈ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ဖို့အတွက်လည်း စီစဥ်နေပါတယ်။
ဒေသခံတွေကတော့ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ရေအရင်းအမြစ်နည်းလာတာနဲ့အတူ ရေကာတာကြောင့် ရေမရတေ့ဘဲ ဥယျာဥ်ခြံစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။
ကတ္တလူရေအားလျှပ်စစ်စီမံကိန်းကို အဆင့်မြှင့်တင်ပေးဖို့ရှိ၊ မရှိ NLD အစိုးရလက်ထက်က ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြည်သူ့လွှတ်တော်မှာ ၂၀၁၉ ခုနှစ်ကမေးခွန်းမေးခဲ့ဖူးပါတယ်။
အဲဒီအချိန် စွမ်းအင်ဝန်ကြီးဌာနက ဒုဝန်ကြီးဖြစ်တဲ့ ဒေါက်တာထွန်းနိုင်က ၇၅၀ ကီလိုဝပ်အထိ အဆင့်မြှင့်တင်မယ်ဆိုရင်တောင် ခွင့်ပြုပေးဖို့ မရှိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

The Tanintharyi Times
