နှစ်ရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်ခံရတဲ့မောင်းမကန်ရဲစခန်း အဆောက်အအုံတချို့မီးလောင်
နှစ်ရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်ခံရတဲ့မောင်းမကန်ရဲစခန်း အဆောက်အအုံတချို့မီးလောင်
လောင်းလုံးမြို့နယ်က မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက နှစ်ရက် အတွင်းနှစ်ကြိမ် တိုက်ခိုက်ခဲ့လို့ အဆောက်အအုံအချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနဲ့ စစ်ကောင်စီဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေချိန်မှာပဲ မောင်းမကန်ရဲစခန်းကိုလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တချိန်တည်း လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်မှာလည်း မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်တွေ လာရောက် ပစ်ခတ်တာကြောင့် မနက် ၆ နာရီခွဲလောက်ကစပြီး ၇ နာရီခွဲလောက်အထိ တစ်နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
“စျေးရောင်းနေတဲ့ အချိန်ကြီးဆိုတော့ အကုန်သိမ်းပြီး အိမ်ပြန်ပြေးရတယ်” လို့မောင်းမကန်ရွာခံအမျိုးသမီးတစ်ဦးက ဒီနေ့မနက်အခြေအနေကို ပြောပါတယ်။
မနေ့ကနဲ့ ဒီကနေ့ မနက်တိုက်ပွဲနှစ်ကြိမ်စလုံးမှာ ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ အများအပြားကြားရတယ်လို့လည်း ရွာခံတွေက ပြောပြပါတယ်။ မနေ့ကမနက်ပိုင်း တိုက်ခိုက်ခံရမှုကြောင့် မောင်းမကန်ရဲစခန်းက အဆောက်အအုံတချို့တဝက် မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေချိန် ရဲစခန်းအနီးအနားမှာနေထိုင်သူတွေကတော့ နီးစပ်ရာထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲနှစ်ကြိမ်အတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမသိရသေးသလို ဘယ်တော်လှန်ရေး အဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။
မောင်းမကန်နယ်မြေရဲစခန်းဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ချုပ်နှောင်တာတွေလည်းလုပ်ဆောင်တဲ့နေရာဖြစ်ပြီး အရင်ကလည်း မကြာခဏတိုက်ခိုက်ခံရဖူးပါတယ်။
အခုမနက် တိုက်ပွဲဖြစ်ပွားနေချိန် စစ်သင်္ဘောတစီးလည်း မောင်းမကန်ကမ်းခြေဘက်ကိုရောက်လာတယ်လို့ တွေ့ရှိတဲ့ ဒေသခံတွေပြောပါတယ်။ မောင်းမကန်ရဲစခန်းတဝိုက်ကို သင်္ဘောပေါ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
တိုက်ပွဲဖြစ်စဥ်တွေကြောင့် ဒီနေ့မနက်မှာကမ်းခြေကိုလောရောက်လည်ပတ်သူတွေ အရင်နေ့တွေကထက် သိသိသာသာနည်းပါးနေတယ်လို့လည်း ရွာခံတွေထံက သိရပါတယ်။
The Tanintharyi Times
