ထားဝယ်ခရိုင်က ရဲစခန်းနှစ်ခု တစ်ရက်တည်းမှာ ဒရုန်းနဲ့သုံးကြိမ်တိုက်ခိုက်ခံရ

ထားဝယ်ခရိုင်က ရဲစခန်းနှစ်ခု တစ်ရက်တည်းမှာ ဒရုန်းနဲ့သုံးကြိမ်တိုက်ခိုက်ခံရ

ရုပ်သံ - ဗထူးစစ်ကြောင်း။

ထားဝယ်ခရိုင်အတွင်းက ရဲစခန်းနှစ်ခုကို မနေ့ကတရက်တည်းမှာပဲ ဒရုန်းနဲ့ သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဗထူးစစ်​ကြောင်းကနေ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာတွေကတော့ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းနဲ့ ရေဖြူမြို့နယ်က ရေဖြူမြို့မရဲစခန်းတို့ဖြစ်ပါတယ်။

မောင်းမကန်ရဲစခန်းကို မနေ့က မွန်းလွဲ ၂ နာရီကျော်လောက်မှာ လက်လုပ်ဗုံးသီးနဲ့ နှစ်ကြိမ်သွားချခဲ့သလို ရေဖြူမြို့မရဲစခန်းကိုတော့ ညနေ ၅နာရီခွဲမှာ ဗုံးသီတစ်လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မောင်းမကန်မှာက ပင်မဆောင်နဲ့ဓမ္မရုံကြားကို ဗုံးသီးကျတယ်။ ရေဖြူရဲစခန်းမှာက ဘန်ကာနှစ်ခုကြားကိုကျတယ်။ ထိခိုက်မှုတော့မသိရဘူးဗျ။ စခန်းထဲမှာပြေးနေကြတာပဲတွေ့ရတယ်” လို့ဗထူးစစ်​ကြောင်းမှာပါဝင်တဲ့ YPPDF ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောကပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ရဲစခန်းနှစ်ခုစလုံးကတော့ အထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ အများအပြား အသုံးပြုပြီး ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

“တိုက်ပွဲဖြစ်သလိုကိုပစ်တာ။ ကျနော်တို့ရှိမယ်ထင်တဲ့နေရာတွေကို ၄၀ မမ တွေအထိသုံးပြးပြန်ပစ်တာပါ။ ကျနော်တို့ဘက်က ဘာမှတော့မထိပါဘူး” လို့ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောကဆက်ပြောပါတယ်။

အခုတိုက်ခိုက်မှုကိုတော့ ဗထူးစစ်ကြောင်းမှာပါဝင်တဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(LLPDF)၊ Dawei Guerrilla Revolutionary Forcr(DGRF)နဲ့ YePhyu People Defence Force(YPPDF) တို့ကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ လမ်းမှာသွားလာတဲ့အချိန် စစ်ကောင်စီစခန်းချထားတဲ့နေရာတွေ၊ ရဲစခန်း၊ တပ်ရင်း၊ စစ်ကောင်စီယာဥ်တွေနဲ့ နီးနီးကပ်ကပ်သွားလာတာမျိုး ရှောင်ရှားကြဖို့လည်း အသိပေးထားပါတယ်။

အခုလ ၂၃ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းက ရဲကားကြားဖြတ်တိုက်ခိုက်ပြီးနောက် LLPDF နဲ့ YPPDF တို့ပူးပေါင်းပြီး မောင်းမကန်ရဲစခန်းအတွင်းကို ဒရုန်းနဲ့ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times