ထားဝယ်ခရိုင်မှာ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာ
ထားဝယ်ခရိုင်မှာ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာ
ထားဝယ်ခရိုင်အတွင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ခုစုပေါင်းပြီး စစ်ကြောင်းတစ်ခု ဖွဲ့စည်းလိုက်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ စစ်ကြောင်းဟာ ဗထူးစစ်ကြောင်းဖြစ်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T-PDF) နဲ့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်း ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အခုလိုဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုမိုးသီးကတော့ ” အဲလိုစစ်ကြောင်းဖွဲ့ဖြစ်တာက ပိုပြီးစုစုစည်းစည်းနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နိုင်အောင်ဖြစ်ပါတယ်” လို့ပြောပါတယ်။
၎င်းစစ်ကြောင်းဟာ ထားဝယ်ခရိုင်ကမြို့နယ် ၄ ခုဖြစ်တဲ့ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ နဲ့ သရက်ချာင်းမြို့နယ်တွေမှာ ခရိုင်ပူးပေါင်းရွေ့လျားစစ်ကြောင်းအဖြစ် နယ်မြေခံတော်လှန်ရေးအင်အားစုအသီးသီးနဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
ဗထူးစစ်ကြောင်းမှာပါဝင်တဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ရဲ့ပြန်ကြားရေးတာဝန်ခံက “ထားဝယ်ခရိုင်ထဲက စစ်အာဏာရှင်အမြစ်ပြတ်တွန်းလှန်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စုစုစည်းစည်းနဲ့တိုက်ခိုက်မယ်ဆိုရင်ခရီးပိုရောက်နိုင်မယ်။ အစစအရာရာသာတဲ့ စစ်ကောင်စီကိုလည်း ပူးပေါင်းအင်အားနဲ့ဆိုထိထိရောက်ရောက် အမြန်ဆုံး အမြစ်ဖြတ်နိုင်မယ်” လို့ပြောပါတယ်။
အခုလိုဖွဲ့စည်းလိုက်တာကို ပြည်သူတွေအနေနဲ့လည်းပိုပီးအားရကျေနပ်မယ်လို့လည်း ယုံကြည်ပါတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။
အဆိုပါစစ်ကြောင်းရဲ့ ပထမဆုံးအဖွင့်တိုက်ပွဲအနေနဲ့ အခုလ ၆ ရက်နေ့ မနက်ပိုင်းက ရေနက်ဆိပ်ကမ်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက် ၁ နာရီခန့်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၆ဦးသေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့သလို အဆောက်အဦ ၂ ခုလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဗထူးစစ်ကြောင်းဘက်ကတော့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဗထူးစစ်ကြောင်းရဲ့ ရည်မှန်းချက်ပန်းတိုင်တူတဲ့ သွေးချင်းညီအစ်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပူးပေါင်းပြီးလက်တွဲတိုက်ပွဲဝင်ပေးကြဖို့ ဖိတ်ကြားကြောင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
The Tanintharyi Times
