ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန် နိုင်ရေး အတွက် မြန်မာစစ်အစိုးရ ကကိုယ်စားလှယ်အဖွဲ့စေလွှတ်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန် နိုင်ရေး အတွက် မြန်မာစစ်အစိုးရ ကကိုယ်စားလှယ်အဖွဲ့စေလွှတ်

▪️နေရပ်ပြန်ပို့ရေး စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာပြော

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအတွက် မြန်မာနိုင်ငံက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ် ၂၂ ဦးပါတဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့တယ်လို့ တရားဝင် သတင်းအရင်းအမြစ်တွေက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ကတည်းက မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင် တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အခုအခါ မြန်မာ့စစ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေရပ်ပြန်လည်ပို့ဆောင်ရေး ဆွေးနွေးညှိနိုင်းမှုတွေပြုလုပ်မယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်များ ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ (RRRC) မူဟာမတ် မစ်ဇနာ ရာမန် (Muhammad Mizanur Rahman) က နေရပ်ပြန်ဖို့ ပထမအသုတ် စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာ ၁၁၀၀ ကျော်ရှိနေပြီး သူတို့ထဲက ၄၂၉ ဦးကို မြန်မာနိုင်ငံဘက်က နောက်ခံအချက်အလက် အတိအကျ ကောက်ခံလို့ မရတာကြောင့် အခုလို လူကိုယ်တိုင်လာရောက်တွေ့ဆုံကြခြင်းဖြစ်တယ်လို့ တူရကီအခြေစိုက် Anadolu သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒီလိုနေရပ် ပြန်လည်ပို့ဆောင်ရေး အစီအမံတွေကို ၂၀၂၂ ခုနှစ်က စတင်ကာ မြန်မာနဲ့ ညှိနှိုင်းနေခဲ့တာပါ။

တကယ်တမ်း ၂၀၁၇ ခုနှစ်ကတည်းက မြန်မာကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအကြား နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရိုဟင်ဂျာတွေက ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ပြန်ဖို့ ငြင်းဆန်နေခဲ့တာကြောင့် ဆွေးနွေးမှုတွေ အရှိန်လျော့သွားခဲ့တာလို့ သိရပါတယ်။

Rahman က “အခုမြန်မာ့ကိုယ်စားလှယ်တွေ လာရောက်မယ့် ခရီးစဥ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ပူးတွဲလှုပ်ရှားမှုတစ်ခုဖြစ်တယ်” လို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးမှုမှာ ရိုဟင်ဂျာ ဒုက္ခသည်များ ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ (RRRC) ရုံးအနေနဲ့ ကြားနေပံ့ပိုးသူအဖြစ် လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကတော့ နေရပ်ပြန်လည်ပို့ဆောင်ခြင်း မပြုမီ နိုင်ငံသား အခွင့်အရေး ပြန်လည်ရရှိအောင်သာ ဦးစွာဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ အငြင်းပွားဖွယ် ၁၉၈၆ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာ အများအပြားကို နိုင်ငံသားဖြစ်ခွင့် ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လူ့သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လက်ရှိမှာ ဘင်္လားဒေ့ရှိနိုင်ငံ တောင်ပိုင်းနယ်စပ် ကော့ဘဇားရဲ့ ဒုက္ခသည် စခန်း ၃၃ ခုမှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော် ခိုလှုံနေကြရပါတယ်။

Ref: Anadolu Agency

The Tanintharyi Times