စစ်ကောင်စီနဲ့ သူတို့လက်ပါးစေတွေထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွန်းဖြန့်ဖြူးတာနဲ့ ရောင်းချတာတွေ့ရင် အရေးယူမယ်လို့ တနင်္သာရီ (ပ.အ.ဖ) ထုတ်ပြန်
စစ်ကောင်စီနဲ့ သူတို့လက်ပါးစေတွေထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွန်းဖြန့်ဖြူးတာနဲ့ ရောင်းချတာတွေ့ရင် အရေးယူမယ်လို့ တနင်္သာရီ (ပ.အ.ဖ) ထုတ်ပြန်
စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့လက်ပါးစေတွေထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွန်းဖြန့်ဖြူးတာနဲ့ ရောင်းချတာတွေကို အရေးယူမယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
မရောင်းချဖို့ ထုတ်ပြန်ထားတဲ့စာရင်းမှာတော့ အရက်၊ ဘီယာနဲ့ အချိုရည် အမျိုးအစားပေါင်း ၁၆ခုအပြင် စျေးကွက်ထဲတွေ့ရများတဲ့ ရူဘီဆေးလိပ်နဲ့ ပရီမီယံဂိုးဆေးလိပ်တွေလည်းပါဝင်ပါတယ်။
ဒါ့အပြင် လက်ဖက်ရည်ထုပ်၊ ရေထွက်ကုန်ပစ္စည်း၊ နို့ဘူး၊ သကြား၊ သောက်ရေသန့်၊ ဆပ်ပြာ၊ လက်သန့်ဆေးရည် နဲ့ မိုင်တဲ( ATOM) ဆင်းမ်ကဒ်၊ ငွေဖြည့်ကဒ်တွေကိုလည်း မရောင်းချကြဖို့အသိပေးထားပါတယ်။
“မြို့နယ်အတွင်းမှာ အဲဒီကုန်ပစ္စည်းတွေရောင်းချနေတာမျိုးတွေရှိနေပါတယ်။ အရေးယူတဲ့အနေနဲ့ ပစ္စည်းသိမ်းဆည်းဖျက်ဆီးတာကိုအရင်လုပ်ပါ့မယ်။ စားသုံးသူလက်ထဲ ပြန်လည်ရောင်းချသူကလည်း ပြည်သူပဲဖြစ်တဲ့အတွက် နောက်တဆင့်ဆိုတာမျိုးအထိမရောက်ရအောင် ထိထိရောက်ရောက်ကိုင်တွယ်သွားမှာပါ” လို့တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အရင်တစ်ကြိမ် သတိပေးစာထုတ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့တစ်ပတ်လောက်ကလည်း ကားမှာပါလာတဲ့ကုန်ပစ္စည်းထဲမှာ စစ်တပ်ထုတ်ကုန်ပါလာတာကြောင့် သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ကြေညာချက်မှာ လာမယ့်ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီးမရောင်းချကြဖို့ကြေညာထားပါတယ်။
စစ်ဆေးတွေ့ရှိရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်ဝေခံတွေထုတ်လုပ်တဲ့ အရက်၊ဘီယာတွေကို စစ်ဆေးဖမ်းဆီးပြီး ဖျက်ဆီးတာတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက မကြာခဏပြုလုပ်နေပါတယ်။
The Tanintharyi Times
