ထိုင်းနိုင်ငံမှာ မီးရှူးမီးပန်း သိုလှောင်ရုံ ပေါက်ကွဲလို့ အနည်းဆုံး လူ ၉ ဦး သေဆုံး
ထိုင်းနိုင်ငံမှာ မီးရှူးမီးပန်း သိုလှောင်ရုံ ပေါက်ကွဲလို့ အနည်းဆုံး လူ ၉ ဦး သေဆုံး
ထိုင်းနိုင်ငံ တောင်ပိုင်းမှာမနေ့က (ဇူလိုင်၂၉)မီးရှူးမီးပန်း သိုလှောင်ရုံ တစ်ခုပေါက်ကွဲပြီး အနည်း ဆုံး လူ ၉ ဦး သေဆုံးကာ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နာရာသီဝပ် ပြည်နယ်တောင်ပိုင်း၊ ဆူနန်ကော်လော့ ခရိုင်၊ မူနို ဈေးမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ မီးရှူးမီးပန်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ နာရာသီဝပ် ရဲ့ အုပ်ချုပ်ရေးမှူး Sanan Phongaksorn က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
“လက်ရှိမှာ သေဆုံးသူ ၉ ဦးရှိကြောင်း အတည်ပြုထားပြီးပါပြီ။ ဒါပေမဲ့ အမည်မသိ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိထာတာကြောင့် အမှန်တကယ် သေဆုံးသူ ဦးရေက ဒီထက်ပိုများလာနိုင်သေးတယ်လ” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေထဲက ဒဏ်ရာ ပြင်းထန် လူ ၁၁၅ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး ၁၀၆ ဦးကိုတော့ နေအိမ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဂိုဒေါင်အနီးတဝိုက်က နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၃၆၅ ဦး ထိခိုက်ခဲ့ကာ မိသားစု ၂၀ မှ ၃၀ ခန့်က အရေးပေါ် ခိုလှုံရေး စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ မီးငြိမ်းသွားပြီ ဖြစ်သလို ပေါက်ကွဲမှုဖြစ်ရခြင်း အကြောင်းအရင်းတွေကို ရဲဌာနက သေချာအောင် ထပ်မံစုံစမ်းစစ်ဆေးနေပါတယ်” လို့ Sanan က ပြောပါတယ်။
Ref: ရိုက်တာ
The Tanintharyi Times
