သိမ်ကုန်းရွာသားတစ်ဦးပစ်သတ်ခံရ
သိမ်ကုန်းရွာသားတစ်ဦးပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာမှာ အမျိုးသားတစ်ဦးအသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူဟာ ဦးစိုးကြိုင်ဆိုသူဖြစ်ပြီး အခုလ ၂၈ ရက်နေ့ည ၉ နာရီဝန်းကျင်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲချိန်မှာသေနတ်သံ ၄ ချက်လောက် ကြားရတယ်။ မနက်ရောက်တော့မှ သေနတ်သံကြားတဲ့ဘက်မှာ အလောင်းတွေ့ရတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အသတ်ခံရတဲ့ ဦးစိုးကြိုင်အပါအဝင် ၎င်းရဲ့ညီဖြစ်သူနဲ့ တူဖြစ်သူတို့ကို အခုလ ၂၇ ရက်နေ့ညမှာ လက်နက်ကိုင် လူတစ်စုက နေအိမ်အသီးသီးမှာ လာရောက်ဖမ်းခေါ် သွားတယ်လို့ ဒေသခံနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
၂၈ ရက်နေ့မနက်ပိုင်းမှာ ညီဖြစ်သူနဲ့ တူဖြစ်သူပြန်လည်လွတ်မြောက်လာခဲ့ပြီး အဲဒီနေ့ညမှာပဲ ဦးစိုးကြိုင်အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
“သူက ထွက်ပြေးလို့ ရုန်းရင်းဆန်ခတ်ဖြစ်လာတာနဲ့ ပစ်သတ်လိုက်ရတယ်လို့ကြားတယ်ဗျ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဦးစိုးကြိုင်အလောင်းကို တွေ့တွေ့ချင်းနေ့မှာပဲ မိသားစုဝင်တွေက မီးရှို့ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ဦးစိုးကြိုင်ဟာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေပြီး စစ်ကောင်စီတပ်ကို ရိက္ခာထောက်ပံ့ပေးနေတာလည်းတွေ့ရတယ်လို့ သိမ်ကုန်းရွာဒေသခံတွေအပြင် အနီးအနားရွာက ဒေသခံတွေရော ပြောဆိုနေကြပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဒီကနေ့အထိ ထုတ်ပြန်အသိပေးထားတာမျိုးလည်း မတွေ့ရသေးပါဘူး။
သိမ်ကုန်းရွာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိပါတယ်။
အခုလ ၂၄ ရက်နေ့ကလည်း သိမ်ကုန်းရွာနဲ့ ကပ်ရက် ဝဲရစ်ရွာမှာ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
The Tanintharyi Times
