မောင်းမကန်ရွာက ဒေသခံ ၃ ဦး ပစ်သတ်ခံရ
မောင်းမကန်ရွာက ဒေသခံ ၃ ဦး ပစ်သတ်ခံရ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာက ဒေသခံ မိသားစုဝင် ၃ ဦး ဒီနေ့မွန်းတည့်ပိုင်းကပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ပစ်ခတ်ခံရသူတွေကတော့ အဖေဖြစ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဦးစိုးသိန်း၊ သမီးဖြစ်သူ မအေးလဲ့ထွေးနဲ့ သားမက်ဖြစ်သူ ကိုနိုင်ဦး တို့ဖြစ်ကြပြီး မောင်းမကန်ရွာ ဒေသအခေါ် အင်တောပြင်မှာနေထိုင်သူတွေဖြစ်ကြတယ်လို့သိရပါတယ်။
သူတို့ဟာနေအိမ်မှာရှိနေချိန် လာရောက်ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး ပစ်ခတ်ခံရတဲ့သုံးဦးထဲမှာ ဦးစိုးသိန်းကတော့ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်နှစ်ဦးရဲ့အခြေအနေကိုတော့မသိရသေးပါဘူး။
“သေနတ်သံတွေ ဆယ်ချက်လောက်ကြားတယ်။ အကုန်လုံးပစ်သတ်ခံရလို့သေပြီလို့ ပထမသတင်းထွက်တယ်။ သိပ်မကြာခင် အရေးပေါ်ကားရောက်လာပြီးတင်သွားတော့ ကျန်နှစ်ယောက်အခြေအနေမသိရတော့ဘူး” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေနဲ့သွားလာဆက်ဆံတာမျိုးရှိပြီး ပစ်ခတ်ခံရတဲ့အမျိုးသမီးရဲ့သတင်းပေးတိုင်ကြားမှုကြောင့် ပတ်ဝန်းကျင်မှာ တိမ်းရှောင်နေရသူတွေအများအပြားရှိတယ်လို့ ဒေသခံကဆိုပါတယ်။
ပစ်ခတ်ခံရတဲ့အမျိုးသားနှစ်ဦးဟာလည်း ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ပြောဆိုချက်တွေရှိနေတဲ့အပေါ်မှာလည်း သီးခြားအတည်ပြုချက်မရယူနိုင်သေးပါဘူး။
သူတို့ကိုဘယ်အဖွဲ့ကပစ်ခတ်ခဲ့တာဆိုတာတော့ လည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
The Tanintharyi Times
