နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့်လို့ စစ်ကောင်စီ က ဖိတ်ခေါ်နေပေမယ့် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေ
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့်လို့ စစ်ကောင်စီ က ဖိတ်ခေါ်နေပေမယ့် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေ
စစ်ကောင်စီကပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်တယ်လို့ ပြောဆိုပြီး နာရီပိုင်းအကြာမှာပင် လားရှိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EROs နဲ့ PDF တွေကို နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတွေအဖြစ် သုံးနှုန်းထားပြီး လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ဖို့ မနေ့ည ၈ နာရီအချိန် စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေတဆင့် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုအချိန်ဟာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်လို့ ဆိုထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပါတီနိုင်ငံရေးလမ်းကြောင်းကဖြစ်ဖြစ်၊ ရွေးကောက်ပွဲလမ်းကြောင်းကဖြစ်ဖြစ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်နိုင်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းကို ရွေးချယ်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကြောင့် အခြေခံအဆောက်အဦးတွေ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို စွပ်စွဲပြောဆိုထားပါတယ်။
ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး နာရီပိုင်းအကြာ ဒီကနေ့မနက် ၃ နာရီလောက်မှာ ရှမ်းမြောက်၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးနဲ့ အနီးတဝိုက် လူနေရပ်ကွက်တွေအပေါ်ကို အနည်းဆုံး ဗုံး ၉ လုံး ကြဲချခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးသွားသလို ထိခိုက်ဒဏ်ရာရသူ ၆ ဦးထက်မနည်း ရှိပြီး ၄ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလထဲမှာပင် လားရှိုးမြို့ကို ၆ ကြိမ်ဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲချကာ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း မီဒီယာတွေမှာ ဖော်ပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲ မဲစာရင်း မှတ်ကန်ရေး အောက်တိုဘာလ ၁ ရက်နေ့ကစပြီး သန်းခေါင်စာရင်း ကောက်ယူတော့မယ်ဆိုတဲ့ အကြောင်း ထပ်မံ ပြောဆိုထားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အခု စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး EROs ခေါင်းဆောင်တွေ PDF ခေါင်းဆောင်တွေက လက်မခံနိုင်ကြောင်း သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ထုတ်ဖော်ရေးသားထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် အချိန် ၄ နှစ်နီးပါးအတွင်း မြန်မာပြည်သူ ၅၇၀၀ သတ်ဖြတ်ခဲ့ရသလို ပြည်သူ ၂၀,၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ပြည်သူ ၁၈ သန်းကျော်ဟာ လူသားစာနာချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေကာ မြန်မာပြည်လူဦးရေ ၄၂ သန်းဟာ စားဝတ်နေရေးဖူလုံမှုအောက်ကို ကျရောက်သွားပြီလို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
The Tanintharyi Times
