ဗိုလ်စလုံးအခြေစိုက်တဲ့စခန်းအပါအဝင် KTLA စခန်းနှစ်ခုကို KNLA ကတိုက်ခိုက်သိမ်းပိုက်

ဗိုလ်စလုံးအခြေစိုက်တဲ့စခန်းအပါအဝင် KTLA စခန်းနှစ်ခုကို KNLA ကတိုက်ခိုက်သိမ်းပိုက်

ပုံစာ - KNLA ကသိမ်းပိုက်ခဲ့တဲ့ KTLA စခန်းတစ်ခု။

ထားဝယ်မှာ ဗိုလ်စလုံးတပ်ဖွဲ့အခြေစိုက်နေတဲ့စခန်းအပါအဝင် ကော်သူးလေတပ်မတော်ကစခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်လိုက်တယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

အဲဒီစခန်းတွေဟာ ထိုင်း-မြန်မာနယ်စပ်မျဥ်းအနီး ထီးခီးနယ်စပ်ရဲ့တောင်ဘက်က စခန်းတွေဖြစ်ပါတယ်။ အဲဒီစခန်းနှစ်ခုကို အခုလ ၁၉ ရက်နေ့ကစလို့ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ၂၁ ရက်နေ့မှာ သိမ်းပိုက်လိုက်တာလို့ တပ်မဟာ ၄ ဘက်ကဆိုပါတယ်။

“ကျနော်တို့ဘက်က ကြားဖြတ်ပစ်ခတ်ခံရလို့ ၆ ယောက်ဒဏ်ရာရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သွား‌ရောက်ရှင်းလင်းတာပါ။ စခန်းကအကြီးကြီးတွေတော့မဟုတ်ဘူး။ တဲလေးတွေနဲ့ နေတာပေါ့နော်။ ဗိုလ်စလုံးစခန်းဆိုတာကလည်း KTLA စခန်းမှာသူကသွားနေတာပေါ့” လို့ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။ ပဒိုစောအယ်နားပြောတဲ့ ကြားဖြတ်ပစ်ခတ်ခံရတဲ့ဖြစ်စဥ်က ဇူလိုင်လ လလယ်က ထားဝယ်-ထီးခီးလမ်းက ရင်ခွဲတောင်အနီး KNLA ရဲဘော်တွေကို KTLA က ပစ်ခတ်ခဲ့တာကို ဆိုလိုတာပါ။

KTLA စခန်းတွေကိုတိုက်ခိုက်ချိန်မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအနည်းငယ်ဖြစ်ပြီးနောက် ကော်သူးလေတပ်မတော်ရဲဘော်တွေက ထွက်ပြေးသွားတယ်လို့ ပဒိုစောအယ်နားကဆိုပါတယ်။ တချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်းအထိ ထွက်ပြေးသွားတယ်လို့ သူကဆက်ပြောပါတယ်။

KNLA ရဲဘော်တွေဘက်က လူမှုကွန်ရက်မှာတင်ထားတဲ့ရုပ်သံတွေမှာလည်း ဗိုလ်စလုံးနေထိုင်ခဲ့တဲ့စခန်းနဲ့ နောက်ထပ်တောတွင်းစခန်းတစ်ခုကို သိမ်းပိုက်ထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် သိမ်းမိထားတဲ့ တောတွင်းစခန်းတစ်ခုကို မီးရှို့နေတာကိုလည်းတွေ့ရပါတယ်။

ကော်သူးလေတပ်မတော်က ဒုတိယဗိုလ်မှူးကြီး စောစလုံးဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ထားဝယ်ခရိုင်က တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲကို ပြောင်းရွေ့လာပြီး နေထိုင်နေတာလို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရသိပါတယ်။

ဗိုလ်စလုံးပြောင်းရွေ့လာပြီးနောက်မှာ ကော်သူးတပ်မတော် ဆာကဆောတပ်မရဲ့ ဗိုလ်မှူးချုပ်ဗိုလ်အယ်ခွီး(ကော်လာဖိုး)က သူ့ရဲ့တပ်ခွဲတစ်ခုကို ဗိုလ်စလုံးတို့နဲ့ပူးပေါင်းဖို့ပို့ဆောင်ထားတယ်လို့ ပဒိုအယ်နားကဆိုပါတယ်။

စခန်းနှစ်ခုသိမ်းပိုက်ခဲ့တဲ့ ဖြစ်စဥ်မှာတော့ ကော်သူးလေတပ်မတော်ဘက်က အနည်းဆုံးတစ်ဦးကျဆုံးပြီး သုံးဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၄ KNU ဆီက သိရပါတယ်။

အဲဒီနေ့မှာပဲ မေတ္တာ-ထီးခီးလမ်းပေါ်က အိုင်ဝိုင်း(ရွာဟောင်း)အနီးမှာ ကော်သူးလေတပ်မ‌တော်ဘက်က ကြားဖြတ်ပစ်ခတ်ခဲ့လို့ KNLA တပ်ရင်း ၁၀ ကရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ပါသေးတယ်။

ဗိုလ်အယ်ခွီး(ကော်လာဖိုး)တပ်တွေ နယ်စပ်လမ်းတစ်လျှောက်လှုပ်ရှားပြီး ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် နယ်မြေရှင်းလင်းတာကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ ၄ ဘက်က ပြောပါတယ်။

“နယ်မြေမရှင်းရင် ကျနော်တို့ဘာမှလှုပ်ရှားလို့ မရတော့ ရှင်းလင်းရမှာပဲလေ။ အချိန်တော့ယူရမှာ။ ကျနော်တို့နယ်မြေရှင်းချိန် သူတို့ကထိုင်းဘက်ထွက်ပြေးတယ်။ ထိုင်းဘက်မှာခိုနေတယ်။ ပြီးရင်ပြန်ဝင်လာနေတယ်လေ” လို့ ပဒိုအယ်နားက ဆက်ပြောပါတယ်။

စခန်းသိမ်းဖြစ်စဥ်တွေနဲ့ KNLA ရဲဘော်တွေပစ်ခတ်ခံရတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မနဲ့ ဒုတိယဗိုလ်မှူးကြီး စောစလုံးကို တနင်္သာရီတိုင်းမ်က ဆက်သွယ်ဖို့ ကြိုးပမ်းနေပေမယ့် အခုထိ အဆက်အသွယ်မရသေးပါဘူး။

KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းကစလို့ ကြားဖြတ်ပစ်ခတ်မှုနဲ့ တိုက်ပွဲ‌တွေစရှိလာခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာလည်း မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

The Tanintharyi Times