ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်းတစ်ရင်းကို AA သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်းတစ်ရင်းကို AA သိမ်းပိုက်

ပုံစာ -မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ AA ထံ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း AAက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၅၂) ကို အပြီးသတ်သိမ်းပိုက်ရယူလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါ တပ်ရင်းကို ပြီးခဲ့တဲ့လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၃၂ ရက်အကြာမှာ AA က သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခမရ (၅၅၂) မကျဖို့အတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေနဲ့ အပြင်းအထန်ခုခံကာကွယ်ခဲ့တာလို့ AA က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ၊ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တွေကို လက်ရဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို AA ဘက်က လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

လက်နက်ချအညံ့ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း ရက္ခိုင့်တပ်တော် AA က ပြောထားပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ တပ် မိသားစုဝင်တွေ ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချအညံ့ခံခဲ့နာ ထောင်ချီရှိနေပြီလို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကလည်း မောင်တောမြို့ရှိ တမန်းသားရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ က AA ထံမှာ လက်နက်ချခဲ့ပါတယ်။ အဆိုပါ တမန်းသားရဲကင်းစခန်းကနေ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်ဆည်းရမိခဲ့ပြီး တပြိုင်ထဲမှာပင် စစ်ကောင်စီရဲ့ တခြား တပ်စခန်းတွေကိုလည်း ရက္ခိုင့်တပ်တော် AA က ဆက်လက်ထိုးစစ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မောင်တောမြို့နယ်မှာတော့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်ရယူနိုင်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး အချိန်တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားပြီးနောက်မှာ အတိုင်းအတာတခုထိ သိမ်းပိုက်ထားပြီလို့ AA ဘက်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်ရှိ ပလက်ဝဒေသ၊ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြို (လက်ဝဲ)၊ တောင်ပြို (လက်ယာ)နဲ့ ရခိုင်ဒေသရှိ ရမ်းဗြဲ၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တို့ကို သိမ်းပိုက်ထားသလို မောင်တောနဲ့ ဘူးသီးတောင်မြို့တို့ကို ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

The Tanintharyi Times