လယ်ယာမြေအကွက်ရိုက်ရောင်းတာတွေဆက်လုပ်နေရင် အရေးယူမယ်လို့ လောင်းလုံးပကဖ သတိပေး
လယ်ယာမြေအကွက်ရိုက်ရောင်းတာတွေဆက်လုပ်နေရင် အရေးယူမယ်လို့ လောင်းလုံးပကဖ သတိပေး
လောင်းလုံးမြို့နယ်မှာ လယ်ယာမြေတွေကို မြေဖို့ပြီး အကွက်ရိုက်ရောင်းချတာတွေ ဆက်လုပ်နေရင် အရေးယူသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လယ်ယာမြေ၊ ဥယျာဥ်ခြံမြေ၊ စားကျက်မြေနဲ့ မြေလွတ်မြေရိုင်းတွေပေါ်မှာ တရားမဝင်အကွက်ရိုက်၊ မြေဖို့ပြီး ရောင်းချတာနဲ့အဆောက်အအုံဆောက်လုပ်တာတွေ အခုနောက်ပိုင်းမှာ အများအပြားရှိလာတယ်လို့ လောင်းလုံးပကဖက ထုတ်ပြန်ချက်မှာ ပြောထားတယ်။
အဲဒီလိုရောင်းချနေတာတွေဟာ နောင်တချိန် ရောင်းသူနဲ့ဝယ်သူကြားမှာ အငြင်းပွားဖွယ်ရာတွေနဲ့ နစ်နာမှုတွေရှိလာနိုင်တာကြောင့် အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ အကွက်ရိုက်ရောင်းချတာတွေ အရင်ကထက်ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
“အရင်ကလည်း စာပို့တာတွေ မြေပြင်အထိဆင်းပြီးသတိပေးတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ဆက်ရှိနေတာပဲ။ အခုဆိုရင် အငြင်းပွားမှုတွေ၊ ပြဿနာတွေရှိနေတယ်လို့ကြားလာရပါပြီ” လို့ လောင်းလုံးပကဖရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးကပြောပါတယ်။
အခုလို တရားမဝင်အကွက်ရိုက်ရောင်းချတာတွေဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် လောက်ကတည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာဖြစ်ပြီး လက်ရှိမှာတော့ မြို့နယ်ရဲ့နေရာအများအပြားမှာ အကွက်ရိုက်ရောင်းချတာတွေ ရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဧကအများအပြားကို အကွက်ရိုက်တာတွေလုပ်ဆောင်လာသလို လယ်နဲ့ခြံပိုင်ရှင်တွေကပါ အတုယူပြီး ဆက် လုပ်ဆောင်လာတာတွေလည်း တွေ့ရတယ်လို့ ဒေသခံနဲ့ပကဖက ဆိုပါတယ်။

“သူတို့လုပ်ရင်ငါတို့လည်းလုပ်မယ်ဆိုပြီးဖြစ်လာတာပါ။ လယ်တွေဆို မြေဖို့ပြီးတော့ခဏအခြေအနေကြည့်လိုက်တယ်။ ပြီးတော့ ခြံခတ်အကွက်ရိုက်တာပဲ” လို့ ကိုရှဲဒိုးက ပြောပါတယ်။
လောင်းလုံးပကဖကတော့ စာထုတ်ပြန်တဲ့ အခုလ ၂၄ ရက်နေ့ကစလို့ အကွက်ရိုက်ရောင်းချမှုတွေ ရပ်တန့်ထားကြဖို့ သတိပေးထားပါတယ်။
သတိပေးချက်တွေကိုမလိုက်နာတဲ့သူတွေကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုတင်ပြပြီး သူတို့ရဲ့ညွန်ကြားချက်အတိုင်း အရေးယူသွားမယ်လို့ ပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက အသိပေးပါတယ်။
တရားမဝင်အကွက်ရိုက်ထားတဲ့မြေတွေဟာ စျေးသက်သာတာကြောင့် လာရောက်ဝယ်ယူတဲ့သူတွေလည်းအများအပြားရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့နှစ်စကလည်း လယ်ယာမြေတွေမြေဖို့ပြီး အကွက်ရိုက်ရောင်းချနေတာတွေ ရပ်ဆိုင်းကြဖို့ လောင်းလုံး (ပအဖ)က သတိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။

The Tanintharyi Times
