မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
လောင်းလုံးမြို့နယ်မှာရှိတဲ့ နာမည်ကျော် မောင်းမကန်ကမ်းခြေ က မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၂၆ ရက် မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မောင်းမကန်ကမ်းခြေတည်ရှိရာ မောင်းမကန်ရွာက ရဲစခန်းကို တော်လှန်ရေးတပ်တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ နာရီလောက်မှာတော့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
“စခန်းကတော့ ပြာကျသွားပြီ” လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောပါတယ်။
မောင်းမကန်ရဲစခန်းအတွင်းက လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေဘက်က သိမ်းမိထားတယ်လို့ ကနဦးသိရပါတယ်။
စခန်းသိမ်းတိုက်ပွဲပြင်းထန်နေချိန် ဒီနေ့မနက် ၉ နာရီလောက်မှာတော့ စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် မောင်းမကန်ကမ်းခြေအပြင်ဘက်မှာရှိတဲ့ ရေတပ်သင်္ဘောကလည်း လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်နေချိန် ထားဝယ်-မောင်းမကန်လမ်းတလျှောက်နဲ့ တောမိုးတောင်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအနောက်ဖက်က ဥယျာဥ်ခြံတွေဘက်ကို စစ်တပ်ရဲ့ စစ်ကူတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။
မောင်းမကန်ရဲစခန်းဟာ စစ်သားနဲ့ရဲတွေက ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာဆောက်လုပ် တပ်စွဲထားတဲ့စခန်းဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ဒရုန်းနဲ့ဗုံးသီးချတာ၊ လာရောက်ပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မောင်မကန်ကျေးရွာနဲ့ အနီးအနားရွာတွေက ဆန္ဒပြသူတွေအပါအဝင် နိုင်ငံရေးအကျဥ်သားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ အချုပ်ခန်းတွေလည်းရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပါတယ်။
The Tanintharyi Times
