တနင်္သာရီတိုင်းမှာ သုံးလအတွင်း စီမံကိန်း ၁၇ ခုကို စစ်ကောင်စီက လုပ်ပိုင်ခွင့်ပေး
တနင်္သာရီတိုင်းမှာ သုံးလအတွင်း စီမံကိန်း ၁၇ ခုကို စစ်ကောင်စီက လုပ်ပိုင်ခွင့်ပေး
တနင်္သာရီတိုင်းထဲက ရင်းနှီးမြှုပ်နံမှုစီမံကိန်းပေါင်း ၁၇ နှစ်ကို အခုနှစ်ပထမသုံးလထဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးခဲ့ပါတယ်။
အဲဒီသက်သေခံလက်မှတ်တွေကို စစ်ကောင်စီလက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကထုတ်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက Tanintaharyi Coalition Resource Watch အဖွဲ့ကနေ “တနင်္သာရီတိုင်းတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အကောင်အထည်ဖော်နေမှု” ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီက ခွင့်ပြုထားတဲ့ စီမံကိန်း ၁၇ ခုစာရင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်း ၁၇ တို့ဟာ ၂၀၁၈ ကနေ ၂၀၂၃ အထိ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) နဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) လုပ်ငန်းအစီရင်ခံစာတွေကို တင်ပြခဲ့တာ ဖြစ်ပြီး ဒီ ၃လအတွင်းမှာ စစ်ကောင်စီရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကနေ ECC ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အာဏာမသိမ်းခင်က ကုမ္ပဏီ ဘက်က တင်ပြတဲ့ EIA EMP IEE စတဲ့ အစီရင်ခံစာတွေမှာ မပြည့်စုံတာ တွေ၊ ဒေသခံတွေ ကန့်ကွက် ထောက်ပြထားတာတွေ ရှိတဲ့အပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီ ဌာန ကလည်း ECC လက်မှတ်ကို အလွယ်တကူ မထုတ်ပေးဘူးဆိုတာကို သိထားရတယ်လို့ Tanintaharyi Coalition Resource Watch အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
“လွယ်လွယ် ပြောရရင် ကုမ္ပဏီ ဘက်က လုပ်ငန်း ဆက်လုပ်ဖို့ သူတင်ပြထားတဲ့ EIA လုပ်ငန်းစဥ် မှာ ခွင့်ပြုချက် ရသွားတာပေါ့။ ဒါပေမယ့် အဲဒီနောက်ကွယ်က ကြည့်ရှု့ စစ်ဆေးရမဲ့ ဟာတွေ က မနည်းဘူး အခုကာလ မှ လုပ်နိုင်မယ် မထင်ဘူး။ အရင်တုန်းကတောင် မလုပ်နိုင်ဘူး ” လို့ TCRW ရဲ့ တာဝန်ရှိသူကဆိုပါတယ်။
အဲဒီစီမံကိန်း ၁၇ ခုထဲမှာ ရေဖြူမြို့နယ်မှာ အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်းက ၃၇ ဧကရှိ ပုပါး(အယ်လ်) ခဲမဖြူ-အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကံပေါက်ကျေးရွာအတွင်းက ၂၀၈၇ ဧကရှိ DELCO ခဲမဖြူ-အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်း၊ သစ်ကတိုးကျေးရွာအုပ်စုအတွင်းက ၄၀ ဧကကျော်ရှိ ထွန်းကြယ်တပွင့် ခဲမဖြူ-အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဂန့်ဂေါ်တောင်၊ ကံပေါက်ဒေသအတွင်း ၇ ဧကကျော်ရှိ ကံပေါက်ဆီအုန်းဆီကြမ်းစက်ရုံ ဆိုပြီး စီမံကိန်း ၄ နေရာ ပါဝင်ပါတယ။
ထားဝယ်မြို့နယ်မှာ ဟိန္ဒားကျေးရွာအုပ်စုအတွင်း ဧက ၅၀ နီးပါးရှိ တောင်ပိုင်းကမ္ဘာ ခဲမဖြူ-အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆင်ဖြူတိုင်ဒေသအတွင်း ၁၈၂ ဧကရှိ မြန်မာရူဘီအင်တာပရိုက်(စ်) ကျောက်မျက်ရတနာကုမ္ပဏီရဲ့ ဂေါဒန်ကျောက် တူးဖော်ရေးလုပ်ငန်း ဆိုပြီး စီမံကိန်း ၂ နေရာ ပါဝင်ပါတယ်။
ကျွန်းစုမြို့နယ်မှာ ဒိုမယ်ကျွန်းအတွင်း ၄၂ ဧကကျော်ရှိ မြန်မာတာဆာကီ ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ သရောသဏ္ဍာန်ကြီးကျွန်းအတွင်း ဧကပေါင်း ၅၀၀၀ နီးပါးရှိ မြန်မာအတ္တလန်တစ် ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ လငန်းကျွန်းစုအတွင်း ဧကပေါင်း ၁၃၀၀၀ နီးပါးရှိ မြန်မာတာဆာကီ ကုမ္ပဏီရဲ့ ပုလဲမွေးမြူထုတ်လုပ်ရေးစခန်း၊ ရေကန်တော်ကျေးရွာအုပ်စုအတွင်း ဧက ၈၆၀၀ ကျော်ရှိ ပြည့်ဖြိုးထွန်း ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းစတဲ့ စီမံကိန်း ၄ နေရာ ဖြစ်ပါတယ်။
ကော့သောင်းမြို့နယ်မှာတော့ ဂျလန်းကျွန်းအတွင်း ဧက ၆၀၀၀ နီးပါးရှိ အရှေ့တိုင်း ပုလဲကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ မျောက်နီကျွန်းနဲ့ မျောက်ဖြူကျွန်းအတွင်း ဧက ၄၃၀၀ ကျော်ရှိ မြန်မာအန်ဒန်မန်ပါးလ် ကုမ္ပဏီရဲ့ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ စိန့်လုခ်ကျွန်းအတွင်း ဧက ၅၀၀၀ နီးပါးရှိ မြန်မာအန်ဒန်မန်ပါးလ် ကုမ္ပဏီရဲ့ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ ဇာဒဏ်ငယ်ကျွန်းရဲ့ အရှေ့ဘက် ရေပြင်ဧရိယာက ဘဲပါးလ် ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ ရွှေကျွန်းက ရေပြင် မြေပြင် ဧကပေါင်း ၄၀၀၀ ကျော်ရှိ ဘဲပါးလ် ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ ငလုံးလဖယ်ကျွန်းနဲ့ ဆက်စပ်ဧရိယာက ဧက ၈၀၀၀ ကျော်ရှိ ပြည့်စုံမြင့်ထက်မြင့် ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း ဆိုပြီး စီမံကိန်း ၆ နေရာ ပါဝင်ပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ဇင်ယော်ကျွန်းနဲ့ ဆက်စပ်ဧရိယာမှာတော့ ဧက ၄၀၀ ကျော်ရှိ အရှေ့တိုင်းပုလဲ ကုမ္ပဏီရဲ့ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်း စီမံကိန်း ပါဝင်ပါတယ်။
တနင်္သာရီတိုင်းရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း လုပ်ငန်းတွေဟာ စစ်ကောင်စီဆီကနေ ခွင့်ပြုချက်ရယူတာ၊ လုပ်ပိုင်ခွင့်လက်ဦးမှု ရယူတာ၊ နားလည်မှု စာချွန်လွှာ MOU ရေးထိုးတာ၊ ငွေကြေးထောက်ပံ့ပေးတာ၊ အခွန်ငွေတွေကို ပေးဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ TCRW ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
မြိတ်အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၊ စက်မှုဇုန်စီမံကိန်းနဲ့ မြိတ်မြို့ လျှပ်စစ်လိုအပ်ချက်ကို ထောက်ပံ့နိုင်ဖို့အတွက်ဆိုပြီး မြိတ်အများပိုင်ကုမ္ပဏီနဲ့ Bright Blue ကုမ္ပဏီအုပ်စုတို့ အကောင်အထည်ဖော်နေတဲ့ Biomass လောင်စာသုံး မဂ္ဂါဝပ် ၁၀၀ လျှပ်စစ်ဓာတ်အားစီမံကိန်းနဲ့ New Myanmar Renewable Energy ကုမ္ပဏီနဲ့ စစ်ကောင်စီတနင်္သာရီတိုင်း အစိုးရတို့အကြား MOU ရေးထိုးထားတဲ့ ကျွန်းစုမြို့နယ်က ကတ္တလူရေအားလျှပ်စစ်လုပ်ငန်း အဆင့်မြှင့်တင်ပြီး ဆိုလာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတို့ကို ဒီလိုကာလမှာ အကောင်အထည်ဖော်နေတာဟာ မြေယာနဲ့ စီမံကိန်းအကောင်အထည်ဖော်ခွင့် လက်ဦးမှုရယူခြင်းသာ ဖြစ်တယ်လို့ TCRW ဘက်က ယူဆကြောင်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ကောင်စီ သယံဇာတဝန်ကြီးက ရွှေကျွန်းရှိ ပုလဲမွေးမြူရေးလုပ်ငန်းတွေဆီ သွားရောက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေလည်း တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။
မုတ်ကောင်မွေးမြူရေးစီမံကိန်းကို လုပ်ဆောင်နေတဲ့ ပြည့်စုံထက်မြင့် ကုမ္ပဏီအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ECC လုပ်ငန်းစဉ်တခုဖြစ်တဲ့ ဒေသခံနဲ့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း ဇာဒက်ကြီးကျွန်းပေါ်ရှိ အမှတ် (၅၈) ရေတပ်စခန်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Tanintaharyi Coalition Resource Watch အစီရင်ခံမှာ ဖော်ပြထားပါတယ်။
Tanintaharyi Coalition Resource Watch ဟာ တနင်္သာရီတိုင်း အခြေစိုက် သယံဇာတထုတ်ယူမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်ပြီးစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
The Tanintharyi Times
