စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို MNDAA သိမ်းပိုက်
စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို MNDAA သိမ်းပိုက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်လိုက်ပြီလို့ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် ၄ နာရီမှာစစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ဟာ စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီလို့ MNDAA တပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာလိုက်တာ ဖြစ်ပါတယ်။
‘လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင် အောင်ပွဲတခု ဖြစ်သည်’ လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လိုက်တဲ့ ဇွန် ၂၅ ရက်နေ့ နောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၃ ရက်တာ အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားခဲ့တဲ့ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ စစ်ဌာနချုပ်ကို ပထမဆုံး သိမ်းပိုက်ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း လားရှိုးမြို့မှာ စစ်ကောင်စီ ဒု ဗိုလ်မှူးကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၃၀၀ ကျော် လက်နက်ချခဲ့ပါသေးတယ်။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာတော့ တအာင်းတပ်မတော် TNLA က နောင်ချိုနဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ရရှိထားသလို အခု ကိုးကန့်တပ်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ထပ်မံရရှိလိုက်တာ ဖြစ်ပါတယ်။
The Tanintharyi Times
