သဘော့ဆိပ်နဲ့ပြင်ကြီးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးထား

သဘော့ဆိပ်နဲ့ပြင်ကြီးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးထား

လောင်းလုံးမြို့နယ်က ကမ်းခြေရွာတွေဖြစ်တဲ့ သဘော့ဆိပ်နဲ့ ပြင်ကြီးရွာတွေထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၇နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းနဲ့ ကျောက်ဆင်၊ သဘော့ဆိပ်နဲ့ ပြင်ကြီးရွာတွေဘက်ကို ရောက်လာတာဖြစ်ပါတယ်။

အဲဒီနောက် ဒေသခံအများအပြားကို ရွာထဲမှာစုပြီး ဖမ်းဆီးထားတယ်လို့ ကနဦး သိရပါတယ်။ အဖမ်းခံထားရတဲ့ ရွာသားအရေအတွက်နဲ့ ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

“ဖမ်းထားတာ သဘော့ဆိပ်ကရော ပြင်ကြီးကရောပဲ။ ရွာချင်းကပ်နေတော့ အကုန်ပါတယ်။ တချို့ကိုလည်း ဘုန်းကြီးကျောင်းကို သွားခိုင်းနေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သဲပုံရွာကိုမြေတင်ကားတွေနဲ့ မနေ့ကတည်းက ရောက်ရှိနေကြတာဖြစ်ပြီး ဒီကနေ့အာရုံတက်အချိန်မှာတော့ တောမိုးတောင်ကြောကနေ သဘော့ဆိပ်ရွာဘက်ကို ဆင်းလာတာလို့ သိရပါတယ်။

ရွာထဲကို ခြေလျင်စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်လာချိန်မှာ စစ်ကောင်စီတပ်သားအင်အား က တစ်ရာနီးပါးရှိနိုင်တယ်လို့လည်း ဒေသခံက ခန့်မှန်းပြောပါတယ်။

လက်ရှိမှာလည်း သဘော့ဆိပ်နဲ့ပြင်ကြီးရွာထဲနဲ့ ကမ်းခြေဘက်တွေမှာ စစ်ကောင်စီတပ်သားတွေ သွားလာနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း သဲပုံတောင်ဘက်ကနေ အနောက်ဘက်တောင်ကြောကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။ ဒီနေ့မနက် ၉နာရီခွဲလောက်အထိ လက်နက်ကြီးပစ်ခတ်သံ ၈ ချက်လောက် ကြားရကြောင်း ဒေသခံကပြောပြပါတယ်။

သဘော့ဆိပ်ရွာနဲ့ ပြင်ကြီးရွာတွေကို စစ်ကောင်စီတပ်က တောလမ်းအတိုင်းဝင်လာပြီး မွှေနောက်ရှာဖွေတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

လောင်းလုံးမြို့ပေါ်မှာလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

The Tanintharyi Times