သစ်သီးပါကင်ပိတ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ထိုင်းရောက်လာတဲ့ MoU အလုပ်သမား ၉၀ ကျော် အလုပ်မရဖြစ်နေ
သစ်သီးပါကင်ပိတ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ထိုင်းရောက်လာတဲ့ MoU အလုပ်သမား ၉၀ ကျော် အလုပ်မရဖြစ်နေ
ထိုင်းနိုင်ငံ၊ ချန်ထဘူရီမြို့က သစ်သီးပါကင်ပိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး အေဂျင်စီက ပို့လွှတ်လိုက်တဲ့ တရားဝင် မြန်မာအလုပ်သမား ၉၀ ကျော်ဟာ အလုပ်မရသလို နေစရာပါ မရှိဘဲ ဒုက္ခရောက်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ MoU လုပ်သားတွေက ပြောပါတယ်။
TKK သစ်သီးပါကင်ပိတ်စက်ရုံမှာ အလုပ်သွင်းပေးဖို့အတွက် ဝန်ဆောင်ခယူပြီး ဆောင်ရွက်ခဲ့တဲ့ အေဂျင်စီက ငွေစင်ပုလဲ (NGWE SIN PALE CO., LTD) ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ တစ်ဦးကို ကျပ်လေးဆယ့်တစ်သိန်းငါးသောင်းပေးချေပြီး စာချုပ်ချုပ်ဆိုခဲ့တာလို့ အသက် ၂၅ နှစ် ဝန်းကျင်အရွယ်ရှိတဲ့ MoU လုပ်သားအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
TKK သစ်သီးပါကင်ပိတ်စက်ရုံမှာ အလုပ် လုပ်ကိုင်ခွင့်ရဖို့အတွက် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် MoU နဲ့ သွားရောက်တဲ့ လုပ်သား အရေအတွက်က ၉၈ ဦးရှိတယ်လို့ အမျိုးသမီးက ဆက်ပြောပါတယ်။
အဲဒီ MoU လုပ်သားတွေဟာ ရန်ကုန်ကနေ အခုလ ၁၆ ရက်မှာ ထွက်လာတာဖြစ်ပြီး ၂၀ ရက်နေ့မှာ ချန်ထဘူရီက TKK စက်ရုံရှေ့ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လိုက်ပို့ပေးတဲ့ ယာဉ်မောင်းက စက်ရုံရှေ့မှာ အားလုံးစုပြီး ဓါတ်ပုံရိုက်ခိုင်းပြီးချိန်မှာ စက်ရုံရဲ့ လုံခြုံရေးတာဝန်ရှိသူက မောင်းထုတ်ခဲ့တဲ့အတွက် လုပ်သား ၉၈ ဦးစလုံး ပြန်လည်ထွက်ခွာလာခဲ့ရတယ်လို့ အမျိုးသမီးက ရှင်းပြပါတယ်။
စက်ရုံကနေပြန်ထွက်လာခဲ့ပြီးနောက် ယာဉ်မောင်းက သူတို့လုပ်သားတွေအားလုံးကို ကားလမ်းဘေးတနေရာမှာ ဒီတိုင်းချထားခဲ့တဲ့အတွက် ထိုင်းရဲတွေရောက်လာပြီး စစ်ဆေးခံရပြီးနောက်မှာမှ ဘယ်ကမှန်းမသိတဲ့လူသုံးဦးက အလုပ်သမားတွေကို ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးကို တည်းခိုခန်းတစ်ခုမှာ တစ်ခန်းကို အယောက်နှစ်ဆယ်လောက် ပြွတ်သိပ်နေခိုင်းကာ တစ်လနေရမယ်ဆိုပြီး ထားပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့ကို အလုပ်ထပ်သွင်းဖို့ ပိုက်ဆံထပ်တောင်းပါတယ်။ မပေးနိုင်ဘူးပြောတော့ ပြန်သွားတယ်။ အဆက်အသွယ်မရဘဲ သုံးရက်ကြာပြီးတော့ တစ်လလို့ပြောထားတဲ့ တည်းခိုခန်းကလည်း ရက်ပြည့်ပြီဆိုပြီး မောင်းထုတ်တော့တာ။ မိုးရေထဲ အထုပ်တွေနဲ့ ထွက်စောင့်နေရတယ်” လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။

အလုပ်သမားတွေကို လာရောက်ခေါ်ယူပို့ဆောင်ပေးတဲ့သုံးယောက်က သူတို့စာချုပ်ချုပ်ထားတဲ့ ငွေစင်ပုလဲအေဂျင်စီက ဝန်ထမ်းတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း မသိရဘူးလို့ ပြောပါတယ်။
တည်းခိုဆောင်ကို ပို့ခဲ့သူတွေက အလုပ်အပ်ပေးဖို့ ပိုက်ဆံ ထပ်တောင်းတာအပြင် ၊ဧည့်စာရင်းတိုင်ဖို့အတွက်ဆိုပြီယ အလုပ်သမားတွေဆီက တစ်ယောက်ကို ၃၅၀ ဘတ်စီ၊ စုစုပေါင်းဘတ်သုံးသောင်းကျော် ထပ်ပြီး တောင်းယူသွားတာလည်း ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက “ ကျနော်တို့ သံရုံးနဲ့ရော၊ အေဂျင်စီနဲ့ ရော၊ စက်ရုံနဲ့ရော ဆက်သွယ်ပြီး သူတို့ကို ကူညီပေးနေပါတယ်။ မြန်မာအေဂျင်စီဘက်ကတော့ တခုခုစီစဉ်ပေးမယ်ပဲ ပြောပြီး ဘာမှ သေသေချာချာ ပြောလာတာမျိုးမရှိဘူး” လို့ ပြောပါတယ်။
MoU အလုပ်သမားတွေက WAG အဖွဲ့ကို အခုလ ၂၃ ရက်မှာ ဆက်သွယ်အကူအညီတောင်းခဲ့တာပါ။
WAG အဖွဲ့ရဲ့ ဆက်သွယ်ပေးမှုကြောင့် အခုလ ၂၃ ရက်မှာပဲ မြန်မာအေဂျင်စီဘက်ကလို့ ယူဆရတဲ့ လူအချို့ကနေ အလုပ်သွင်းပေးဖို့လို့ပြောပြီး ကားနဲ့ ထပ်လာခေါ်တဲ့အတွက် အလုပ်သမား ၅၀ လိုက်သွားပါတယ်။ ဒါပေမဲ့ အဲ့ဒီအလုပ်သမား ၅၀ ဟာလည်း အခန်းတစ်ခုထဲမှာ ဒီကနေ့အထိ အလုပ်မပေးဘဲ ဒီတိုင်းထားထားခြင်းခံထားရတယ်လို့ သိရကြောင်း အလုပ်သမားတွေဆီက သိရပါတယ်။
MoU အမျိုးသမီးလုပ်သား နောက်တစ်ဦးက “ ကျမတို့ အဲ့နေ့ထပ်လာခေါ်တော့ မလိုက်သွားရဲပါဘူး။ ထပ်အလိမ်ခံရမှာ စိုးလို့ပါ” လို့ ပြောပါတယ်။
MoU လုပ်သားတွေအနေနဲ့ WAG အဖွဲ့ကတဆင့် ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိရုံးကို တိုင်ကြားထားတာရှိပြီး သံရုံးကနေ TKK စက်ရုံက တာဝန်ရှိသူတွေကို ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းပေးတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။
လက်ရှိမှာ ကျန်ခဲ့တဲ့ MoU လုပ်သားတွေထဲက အချို့လည်း ထွက်သွားတဲ့သူတွေ ရှိနေပြီး အလုပ်သမား ၃၅ ဦးပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲ့ဒီကျန်ခဲ့သူတွေကို TKK စက်ရုံက တာဝန်ရှိသူနဲ့ စကားပြန်တစ်ဦးကနေ ဆက်သွယ်လာပြီး ချုပ်ထားတဲ့ စာချုပ်ဟာ သူတို့နဲ့ တရားဝင်ချုပ်ဆိုထားတာမဟုတ်ကြောင်း၊ စာချုပ်ချုပ်ဆိုသွားတဲ့ ဝန်ထမ်းကလည်း အဆက်သွယ်မရကြောင်းကို ပြောပြပြီး ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေတဲ့အခြေအနေကို မေးမြန်းဖို့အတွက် ထိုင်းရှိအလုပ်သမားသံအရာရှိရုံးကို တနင်္သာရီတိုင်းမ်ကနေ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
WAG အဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းကတော့ အခုလိုမျိုး MoU စာချုပ်နဲ့ ရောက်လာပြီးမှ အလုပ်မအပ်ထားတာ၊ စာချုပ်ထဲက အလုပ်မဟုတ်ဘဲ တခြားအလုပ်ခွင်တွေကိုပို့တာ၊ အလုပ်သမားတွေကို လစာခေါင်းပုံဖြတ်တာ စတဲ့ ဖြစ်စဉ်တွေဟာအရင်ကတည်းက အလွန်များပြားပြီး အခုလို နိုင်ငံရေးအခြေအနေမကောင်းတဲ့ အချိန်မှာ ပိုမိုဆိုးဝါးလာနေတယ်လို့ သုံးသပ်ပါတယ်။
နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MoUနဲ့ လုပ်သားပို့ပေးတဲ့ ငွေစင်ပုလဲအေဂျင်စီဟာ အခုနှစ်ဖေဖော်ဝါရီကမှာ ၂၀၂၆ ခုနှစ်အထိ လိုင်စင်သက်တမ်းထပ်တိုးထားတာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်စာရင်းမှာ တွေ့ရပါတယ်။
ထိုင်းမှာ MoUလုပ်သားတွေ အခုလိုမျိုး လိမ်လည်ခံရတာမျိုးအပြင် ချွန်ဘူရီခရိုင်၊ လယောင်မြို့က ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းကလိုမျိုး အမ်အိုယူလုပ်သား ၃၀၀ ကျော်နဲ့ စီအိုင်လုပ်သား ၁၀၀ ကျော်ရဲ့ လုပ်အားခ ဘတ်သိန်း ၆၀ ကျော်ကို မ ထုတ်ပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ WAG အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်တာ ထင်ရှားတဲ့ အေဂျင်စီဟာ ခြောက်လကနေ ငါးနှစ်အထိ ကာလအကန့်အသတ်နဲ့ လိုင်စင်ပိတ်သိမ်းခံရနိုင်သလို ရာသက်ပန်လည်း ပိတ်ခံရနိုင်ပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၅၄၇ ခုရှိပြီး ကိုးခုမှာ ယာယီပိတ်သိမ်းခံထားရပါတယ်။
The Tanintharyi Times
