ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မလွှဲတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မလွှဲတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြားက ရန်ကုန်-ထားဝယ်ကားလမ်းမပေါ်က မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတယ်လို့ ဂိတ်အနီးမှာရောက်နေတဲ့ယာဥ်မောင်းတွေကဆိုပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ မလွှဲတောင်ဂိတ်ကိုလက်နက်ကြီးနဲ့ဗုံးသီးတွေ ခုနစ်လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ယာဥ်မောင်းတဦးကဆိုပါတယ်။
“ကားတွေကိုစစ်နေတုန်းအချိန်ကြီးထဖြစ်တာ။ ဗုံးသီးတွေ ဂိတ်ပေါ်ကိုလာကျတာပါ။ တလုံးပြီးတလုံးတအုံးအုံးနဲ့လာကျတာ” လို့ ခရီးသည်တင်ယာဥ်မောင်းအမျိုးသားတဦးကပြောပါတယ်။
ပေါက်ကွဲသံတွေ တစ်နာရီလောက်အကြာမှာငြိမ်သွားပေမဲ့ စစ်ကောင်စီတပ်သားတွေကတော့မွန်းလွဲပိုင်းအထိ တဖက်သတ်ပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ယာဥ်မောင်းအမျိုးသားကဆိုပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် ရေးဘက်ကိုတက်မယ့် ကားတွေနဲ့ မလွှဲတောင်ဂိတ်အနီးရောက်နေတဲ့ကားတွေကတော့ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာဘက်မှာ လာရောက်စောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီပစ်ခတ်မှုတွေကြောင့် မနက် ၉ နာရီခွဲလောက်ကစလို့ ငါးနာရီကျော်ကြာ ပိတ်မိနေတဲ့ နှစ်ဖက်အတက်အဆင်းယာဥ်တွေကို အခုမွန်းလွဲ ၃ နာရီမှာတော့ မလွှဲတောင်ဂိတ်က ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီလို့ ယာဥ်မောင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။
မလွှဲတောင်စစ်ကောင်စီဂိတ်ကို ဘယ်အဖွဲ့တွေကလာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
မလွှဲတောင်စစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ စစ်ဆေးရေးအတင်းကြပ်ဆုံးဂိတ်တွေထဲကတခုဖြစ်ပြီး ဂိတ်ရဲ့အနောက်ဘက်တောင်ကုန်းမှာလည်း စစ်ကောင်စီတပ်သားတွေက တပ်စခန်းငယ်ပုံစံဆောက်လုပ်ပြီး အခိုင်အမာတပ်စွဲထားပါတယ်။
The Tanintharyi Times
