မြိတ်-တနင်္သာရီ လမ်းကို ည ၇ နာရီနောက်ပိုင်းမသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့စာထုတ်ပြန်
မြိတ်-တနင်္သာရီ လမ်းကို ည ၇ နာရီနောက်ပိုင်းမသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့စာထုတ်ပြန်
စစ်ရေးအခြေအနေအရ ပြည်သူတွေရဲ့အသက်အန္တရာယ် လုံခြုံရေးအတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ည ၇ နာရီကနေ မနက် ၅ နာရီအထိမသွားလာကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စာထုတ်ကြေညာပါတယ်။
“လက်ရှိမြေပြင်မှာက ဒီနေ့အထိ သုံးရက်ဆက်တိုက်ပွဲတွေဖြစ်နေပါတယ်။ နောက်ထပ် ထပ်ဖြစ်ဖို့လည်း ရှိနိုင်ပါတယ်။ ဒါကြောင့်ထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အသိပေးထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီယာဥ်တန်းတွေနဲ့ အနီးကပ်သွားလာတာ၊ အမိုးအကာအပြည့်ဖုံးပြီးမောင်းနှင်တာတွေမပြုလုပ်ကြဖို့ နဲ့ မှန်တံခါးဖွင့် မောင်းနှင်ကြဖို့၊ တော်လှန်ရေးအဖွဲ့တွေ စစ်ဆေးရင်ကြည်ကြည်ဖြူဖြူပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုထားပါတယ်။
လိုအပ်ချက်အရအသိပေးတာဖြစ်လို့ ခရီးသွားပြည်သူတွေ တိတိကျကျပူးပေါင်းပါဝင်လိုက်နာကြဖို့လည်း ပြောဆိုထားပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ အခုလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိနေတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ် ခမရ (၅၅၇) တပ်ရင်းအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးထက်မနည်းလည်း လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိထားပါတယ်။
The Tanintharyi Times
