ကလေး ၄ ဦးကို ဆေးလိပ်မီးနဲ့တို့ပြီး ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ကံ‌ပေါက်က ရာဘာခြံမန်နေဂျာနဲ့ သမီးဖြစ်သူ အာမခံနဲ့ပြန်လွတ်လာ

ကလေး ၄ ဦးကို ဆေးလိပ်မီးနဲ့တို့ပြီး ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ကံ‌ပေါက်က ရာဘာခြံမန်နေဂျာနဲ့ သမီးဖြစ်သူ အာမခံနဲ့ပြန်လွတ်လာ

Photo - Freedom Kanbauk

ကလေးငယ် ၄ ဦးကို ရိုက်နှက် နှိပ်စက်လို့ ဒေသခံတွေရဲ့တိုင်ကြားမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကံပေါက်ဒေသ၊ ဂန့်ဂေါ်တောင်ကျေးရွာက ရာဘာခြံ မန်နေဂျာဆိုသူနဲ့ သမီးဖြစ်သူတို့ အဖမ်းခံခဲ့ရတဲ့နေ့ ညနေပိုင်းမှာပဲ အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသက် ၃နှစ်၊ ၆နှစ်၊ ၁၀နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်လေးတွေကို ရာဘာခြံ မန်နေဂျာဆိုသူ ဦးရီလွင်နဲ့ သမီးဖြစ်သူ မရီမာလွင်တို့က နည်းမျိုးစုံနဲ့ ရိုက်နှက်နှိပ်စက်နေတာကို မြင်တွေ့နေရတဲ့ ဒေသခံတွေက ကံပေါက်ရဲစခန်းမှာ မနေ့က သွားရောက်တိုင်တန်းခဲ့တဲ့အတွက် ချက်ချင်းဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ ညနေမှာပဲ ဆွေမျိုးတော်စပ်သူတွေရဲ့ အာမခံမှုနဲ့ သားအဖနှစ်ယောက်စလုံး ပြန်လွတ်လာခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာ သမီးဖြစ်သူ ရပ်ကွက်ထဲသွားလာနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက အတည်ပြု ပြောပါတယ်။

အနှိပ်စက် ခံခဲ့ရတဲ့ ကလေးငယ် ၄ ဦးဟာ မိန်းကလေးငယ်လေးတွေဖြစ်ပြီး ရေးမြို့နယ်၊ လမိုင်းမြို့ကနေ ရာဘာခြံမှာ လာရောက်လုပ်ကိုင်တဲ့ မိဘတွေနဲ့အတူ ပါလာတာဖြစ်ပြီး မိဘတွေက ခြံရှင်ဆီမှာ အကြွေးတင်နေတဲ့အတွက် ကလေး ၄ ဦးစလုံးကို ခြံမှာ ထားခဲ့တာလို့ သိရပါတယ်။

နည်းမျိုးစုံနဲ့ ရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး မေ့မြောခဲ့တဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကတော့ ကံပေါက်တိုက်နယ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူပြီးနောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သွေးသွင်းကာ အရေးပေါ်ဆေးကုသမှု ဆက်လက်ခံယူနေရတယ်လို့ သိရပါတယ်။

ကလေးငယ်တွေ နှိပ်စက်ခံခဲ့ရတဲ့အပေါ် ”ဘယ်လိုစိတ်နဲ့ လုပ်လည်းဆိုတာကို နားတောင်မလည်နိုင်ဘူး ” လို့ ကံပေါက်ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ ကလေး ၄ ဦးစလုံးကို ဂန့်ဂေါ်တောင်ကျေးရွာ ဘုန်းကြီးကျောင်းက ဘုန်းကြီးက တာဝန်ယူစောင့်ရှောက်ပေးထားပြီး ကလေးတွေရဲ့ မိဘတွေကိုလည်း ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

The Tanintharyi Times