ဘူးသီးတောင်ဖြစ်စဉ်နဲ့ ပဋိပက္ခအတွင်းမှ ပဋိပက္ခများကို ကျော်လွှားခြင်း

ဘူးသီးတောင်ဖြစ်စဉ်နဲ့ ပဋိပက္ခအတွင်းမှ ပဋိပက္ခများကို ကျော်လွှားခြင်း

ပဋိပ‌က္ခအတွင်းမှာ မတူညီသော လူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးအခြေအနေဟာ အမြဲတမ်းတော့ ချောမွေ့ချင်မှ ချောမွေ့ပါလိမ့်မယ်။ ဒါကို ငြိမ်းချမ်းသော၊ နှစ်ဖက်မျှဝေနိုင်တဲ့ စံတန်ဖိုး အခြေခံသော ကျော်လွှားနိုင်မှုက အနာဂတ်နိုင်ငံထူထောင်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဘူးသီးတောင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက် အမျိုးမျိုးရှိကြတာ သတိထားမိပါတယ်။ ကျ‌နော်တော့ ဒီလို မြင်ပါတယ်။

၁။ ကျူးလွန်တဲ့သူ ဘယ်သူလဲဆိုတာ စုံစမ်းဖော်ထုတ်မှတ်တမ်းတင်နိုင်ဖို့ လိုပါတယ်။

၂။ စစ်အုပ်စုက ကျူးလွန်တာဆိုရင်တော့ သေချာပေါက်ကို သူတို့ကျူးလွန်လက်စ ဂျီနိုဆိုက်ကို ဆက်ကျူးလွန်တာ ဖြစ်ပါတယ်။

၃။ AA တပ်ဖွဲ့ဝင်တွေထဲက ကျူးလွန်တာဆို ကျူးလွန်သူတွေကို AA ရဲ့ ဦးဆောင်မှုက အရေးယူအပြစ်ပေးဖို့ လိုပါတယ်။

၄။ AA တပ်ဖွဲ့ဝင်တွေ ကျူးလွန်တာ မှန်လျက်သားနဲ့ ဦးဆောင်မှုက အရေးမယူရင်တော့ ဒါဟာ စနစ်တကျ ကျူးလွန်မှု ဖြစ်သွားပါလိမ့်မယ်။

၅။ နောက်တခုက မီးရှို့တာက ဘူးသီးတောင်ကို AA သိမ်းပြီးမှလား၊ မသိမ်းရသေးခင်ကတည်းကလားဆိုတဲ့ အချက်ကို ကြည့်ဖို့ လိုပါမယ်။ သိမ်းပြီးမှဆိုရင်တော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ AA ဟာ ထိန်းချုပ်ထားတဲ့ အာဏာပိုင် (controlling power) ဖြစ်တဲ့အတွက် အဲ့ဒေသရဲ့ အများပြည်သူပိုင်ဆိုင်မှုတွေ၊ လူထုတွေကို ဘယ်သူကပဲလုပ်လုပ် မထိခိုက်အောင် စောင့်ရှောက်ရတဲ့ တာဝန်က အဆိုပါ အာဏာပိုင်အဖွဲ့မှာ ရှိပါတယ်။

၆။ ရခိုင်ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည် (heterogeneous state) တခုဖြစ်ပါတယ်။ အပြန်အလှန် မယုံကြည်မှု သမိုင်းကြောင်းတွေလည်း ရှိပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာကို အသုံးချပြီး အကြမ်းဖက်စစ်အုပ်စုက တမင်ကို အမုန်းတရားနဲ့ ခွဲခြားပြီး မီးမွှေးတာ သေချာပါတယ်။

၇။ ဒီအချိန်မှာ မြို့သိမ်းတိုက်ပွဲတွေကနေ controlling power ဖြစ်လာတဲ့၊ ထိထိရောက်ရောက် အုပ်ချုပ်ရေး ထူထောင်လာနိုင်တော့မယ့် AA အနေနဲ့ ကိုယ့်နယ်မြေအတွင်းက လူမျိုးစုံ ပြည်သူတွေအကြားမှာ ဒီသံသယတွေ လျော့ပါးအောင် လုပ်ဖို့ကြိုးစားရပါမယ်။ လူမျိုးခေါင်းဆောင်ဆိုတဲ့ အခန်းကဏ္ဍထက် ပြည်တခုလုံးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ရယူဖို့ လိုပါတယ်။ AA ခေါင်းဆောင်ပိုင်းရဲ့ လူမှုကွန်ရက်တုန့်ပြန်ချက်တွေက ဒီအခြေအနေမှာ အကူအညီ မဖြစ်နေခဲ့ပါဘူး။

၈။ သိမ်းဆည်းထားတဲ့ နယ်မြေအတွင်းက ရပ်ရွာခေါင်းဆောင်တွေ အနေနဲ့လည်း ထိန်းချုပ်ထားတဲ့ အာဏာပိုင်နဲ့ ညှိနှိုင်းရာမှာ ကျိုးကြောင်းကို အခြေခံပြီး အပြန်အလှန်ညှိနှိုင်းကြဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ နယ်မြေသိမ်းထားတဲ့ အဖွဲ့ရဲ့ စည်းရုံးရေးစွမ်းရည်က ပိုအရေးကြီးတယ်ဆိုတာ မှန်ပေမယ့် သံသယကြီးကြီးနဲ့ တုန့်ပြန်မှုတွေကလည်း နှစ်ဘက် သံသယတွေကို ပိုဆိုးရွားသွားစေပြီး ပြန်လည်ရင်ကြားစေ့ဖို့ ခက်သွားစေနိုင်ပါတယ်။

၉။ ရခိုင်ပြည် ပြင်ပက လူများစုကြားမှာလည်း ငြင်းနေကြတာ ရှိပါတယ်။ AA ကို ဝေဖန်တာဟာ တော်လှန်ရေး ထိခိုက်စေတယ်ဆိုတဲ့ အမြင်ရှိကြတာ သတိထားမိပါတယ်။ အထူးသဖြင့် အချက်အလက် မခိုင်လုံသေးတာကို ထောက်ပြကြပါတယ်။ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ဖြစ်၊ လက်နက်မကိုင်ထားပဲ အာဏာတရပ်ရပ် ကျင့်သုံးခွင့်ရနေတဲ့သူဖြစ်ဖြစ် ဘယ်သူမဆိုဟာ လူထုအပေါ် တာဝန်ခံရတာပါ။ ဒီလိုလူတွေ အမှားမလုပ်ရအောင် လူထုက သံသယထားပြီး စောင့်ကြည့်ရ၊ မေးခွန်းထုတ်ရ၊ ဝေဖန်ရပါတယ်။ ဒါမှ မှားသည်၊ မှန်သည် ပြန်လည်ရှင်းလင်းပြီးတော့ ထိန်းကျောင်းခံနိုင်မှာ ဖြစ်ပါတယ်။ အလုံးစုံမှန်တဲ့၊ အချိန်တိုင်း မှန်နေတဲ့ လူ/အဖွဲ့အစည်း မရှိပါဘူး။ ဒီမိုကရေစီနည်းကျ ထိန်းကျောင်းမှုမရှိရင်၊ လက်မခံရင် ဘယ်လူ၊ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ အာဏာရှင်စနစ်ကို ဦးတည်သွားပါလိမ့်မယ်။

၁၀။ နောက်တခုက ရခိုင်ပြည်ကိစ္စ၊ ရခိုင်ပြည်က ရှင်းလင်းပါစေဆိုတဲ့ အယူအဆပါ။ ရခိုင်ပြည်မှာ လူဦးရေအများဆုံးဖြစ်ကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွေဟာ တစုနဲ့တစု အပြန်အလှန် ဖယ်ထုတ်လို့မရနိုင်ပါဘူး။ လွတ်လပ်တဲ့ ရခိုင်ပြည် ပေါ်ပေါက်လာခဲ့ရင်သော် လည်းကောင်း၊ ကွန်ဖက်ဒရေးရှင်း ဒါမှမဟုတ် ဖက်ဒရယ် အစိတ်အပိုင်း တရပ်အနေနဲ့သော်လည်းကောင်း ဖြစ်ခဲ့ရင်လည်း ဒီဒေသဟာ ငြိမ်းချမ်းတဲ့ဒေသဖြစ်ဖို့ အိမ်နီးချင်း နိုင်ငံတွေ သို့မဟုတ် အဖွဲ့ဝင်ပြည်နယ်တွေမှာ တာဝန်‌ရော အကျိုးစီးပွားပါ ရှိပါတယ်။

တော်လှန်ရေးကာလ ရပ်တည်ချက်တွေဟာ အကျိုးလိုလို့ ညောင်ပင်ရေလောင်းတဲ့ ရပ်တည်ချက် ဖြစ်လို့ မရပါဘူး။ မူအပေါ်အခြေခံတဲ့ ရပ်တည်ချက် ဖြစ်ရပါမယ်။ အခြေခံမူတွေ၊ စံတန်ဖိုးတွေကို မချိုးဖောက်ပဲငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို ရှေ့ရှုသော ရပ်တည်ချက် ဖြစ်ရပါမယ်။ တာဝန်သိသော မိတ်ဖက်၊ မဟာမိတ်၊ ပြည်ထောင်ဖက်၊ အိမ်နီးချင်း ရပ်တည်ချက် ဖြစ်ရပါမယ်။

ထင်ကျော်အေး

The Tanintharyi Times