ကျောက်နီမော်ပျူစခန်းကို ရိက္ခာပို့မဲ့ စစ်ကောင်စီစက်လှေကို လောင်းလုံးပကဖ တိုက်ခိုက်

ကျောက်နီမော်ပျူစခန်းကို ရိက္ခာပို့မဲ့ စစ်ကောင်စီစက်လှေကို လောင်းလုံးပကဖ တိုက်ခိုက်

ပုံစာ - တိုက်ခိုက်ခံရတဲ့ စက်လှေ။ (ပုံဟောင်း) ဓာတ်ပုံ - LLPDF

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို မနေ့က တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ထားဝယ်မြစ်‌ကြောင်းအတိုင်း ကျောက်နီမော်ရွာဘက်ကို ဦးတည်လာတဲ့ ငါးဖမ်းစက်လှေကို ကျောက်နီမော်ရွာအနားမရောက်ခင် တနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လောင်းလုံးပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောပါတယ်။

အဲ့ဒီငါးဖမ်းစက်လှေပေါ်မှာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်နဲ့ ကျောက်နီမော်ရွာ ပျူစောထီးစခန်းကိုပေးပို့မဲ့ စားနပ်ရိက္ခာတွေပါလာတယ်လို့ သတင်းရလို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လောင်းလုံးပကဖရဲဘော်တွေဘက်ကနေ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၅ လုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုရှဲဒိုးက ပြောပါတယ်။

“ငါးလုံးပစ်တာပေမဲ့ နှစ်လုံးပဲထိတယ်။ တစ်လုံးက လှေခေါင်းပိုင်းကိုထိတာ။ နောက်တစ်လုံးကတော့ လှေကို တည့်တည့်ထိတယ်။ ထိခိုက်သေဆုံးရှိမှာပါ။ နောက်ဆက်တွဲ ကျနော်တို့ စုံစမ်းနေဆဲပါဗျ” လို့ သူက ဆိုပါတယ်။

လောင်းလုံးပကဖရဲဘော်တွေ စတင်ပစ်ခတ်တိုက်ခိုက်ပြီးချိန်မှာ လှေပေါ်ကစစ်ကောင်စီတပ်သားတွေလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်ဝန်းကျင် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ ငါးဖမ်းစက်လှေဟာ ကျောက်နီမော်ရွာဘက်ကို အရှိန်ကုန်မောင်းနှင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ထားဝယ်ဘက်ကနေ ကျောက်နီမော်ရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ပါ စက်လှေတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။

The Tanintharyi Times