လောင်းလုံးက ပျူစောထီးစခန်းတစ်ခုကို လောင်းလုံး PDF ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ဦးသေဆုံး
လောင်းလုံးက ပျူစောထီးစခန်းတစ်ခုကို လောင်းလုံး PDF ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ဦးသေဆုံး
လောင်းလုံးမြို့နယ်က ပျူစောထီးစခန်းတစ်ခုကို အာဇာနည်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံး PDF က ဒီနေ့မှာထုတ်ပြန်ပါတယ်။
မနက် ၅ နာရီလောက်မှာ ကျောက်နီမော်ရွာကပျူစောထီးတွေ ဆက်ကြေးကောက်နေတဲ့ ရဲချောင်းရွာကင်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာပါ။
“လှေမြုပ်ကတည်းက ဒီကောင်တွေအလုပ်ရှုပ်နေတာ။ ကျနော်တို့ကလည်း ကြိုပြင်ဆင်ထားတယ်။ တစ်ညလုံး မအိပ်ဘဲ စောင့်တယ်။ ပြီးတော့မှ မနက်စောစောလှုပ်ရှားခဲ့တာပါ” လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းကပြောပါတယ်။
ဝင်ရောက်စီးနင်းချိန် ကင်းစောင့်နေတဲ့ ပျူစောထီး ကိုထွန်းဝါးနဲ့ ကိုမျောက်တို့ကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ပျူစောထီးကင်းစခန်းနဲ့ သူနဲ့ကပ်နေတဲ့ပျူစောထီးနေအိမ်တို့ကိုလည်း မီးရှို့ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း အဲဒီစခန်းတဝိုက်မှာ အဝေးထိန်း မိုင်း ၅ လုံးထောင်ထားခဲ့တယ်လို့ဆိုပါတယ်။
မနက် ၉ နာရီခွဲလောက်မှာတော့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ဦးရောက်ရှိလာချိန် အဲဒီမိုင်းတွေကိုဖောက်ခွဲတိုက်ခိုက်ရာ ၃ ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ အခုရက်ပိုင်းအတွင်းနှစ်ဖက်တိုက်ပွဲတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။
မနေ့ညကလည်း ထားဝယ်မြို့က ဝန်ကြီးအိမ်ရာထဲကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး ၈၁ မမ လက်နက်ကြီးနဲ့ ၇ ချက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
