ကော့သောင်းက စစ်ကောင်စီကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ပျူစောထီးသုံးဦးသေဆုံး၊ လက်နက်နဲ့ မူးယစ်ဆေးတွေ သိမ်းဆည်း

ကော့သောင်းက စစ်ကောင်စီကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ပျူစောထီးသုံးဦးသေဆုံး၊ လက်နက်နဲ့ မူးယစ်ဆေးတွေ သိမ်းဆည်း

ဓာတ်ပုံ - ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်သုံးဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

မနေ့က ညသန်းခေါင်ကျော် ၁ နာရီအချိန်ခန့်က ရေငန်းကျေးရွာနဲ့ ချောင်းစလန်းကျေးရွာလမ်းဆုံမှာရှိတဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းမှာရှိနေတဲ့ ပျူစောထီး ဒုခေါင်းဆောင်ဦးဝမ်းနဲ့ ပျူစောထီးတပ်စုမှူး ဦးသန့်ဇင်တို့ကို ပစ်ခတ်နိုင်ခဲ့တာလို့ တာဝန်ရှိသူထံက သိရပါတယ်။

“အဲဒီကင်းစခန်းမှာ စကစတပ်သားတွေအမြဲရှိမနေပါဘူး။ တာဝန်ကျနေတဲ့ ပျူတွေကို ရှင်းလင်းခဲ့တာပဲ ရှိပါတယ်။” လို့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။

လက်ဦးမှုယူပြီး ဝင်ရောက်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကင်းစခန်းကိုတိုက်ခိုက်ပြီးနောက် ပျူစောထီးခေါင်းဆောင် ဦးစိန်သန်းကို သူရဲ့ နေအိမ်မှာပဲ သွားရောက် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ သတိပေးစာတွေ အမြဲထုတ်ပြန်ထားတယ်ဗျာ။ စကစနဲ့ မပူးပေါင်းဖို့နဲ့ နှုတ်ထွက်ဖို့ အကြိမ်ကြိမ် သတိပေးထားတယ်ဗျာ။” လို့ ပျူစောထီးအဖွဲ့ဝင်တွေကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး ကော့သောင်း(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ပြောင်းရှည်သေနတ် ရှစ်လက်နဲ့ ပစ္စတိုသေနတ် တစ်လက်အပါအဝင် မူးယစ်‌ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တဲ့အတွက် အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ စစ်ကောင်စီကင်းစခန်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ပျူစောထီးအဖွဲ့ဝင်တွေရဲ့အလောင်းကိုတော့ ကော့သောင်းမြို့မှာရှိတဲ့ တပ်မတော်စစ်ဆေးရုံကို ညတွင်းချင်းပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းတွေကို အသားပေးဖော်ပြနေတဲ့ သတင်းချန်နယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။ ဘယ်သူကပို့ဆောင်‌ပေးခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့မေလကလည်း ‌ရှမ်းကိုးရွာဒေသ၊ ရေတွင်းတောင်ရွာက ရာအိမ်မှူးနဲ့ အရန်မီးသတ်တပ်ခွဲမှူးတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သလို အခုနှစ် ဖေဖော်ဝါရီလကလည်း အောင်ချမ်းသာကျေးရွာအုပ်စုက ရာအိမ်မှူးနဲ့ဇနီးဖြစ်သူတို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

The Tanintharyi Times